Connect with us

Myanmar

မြန်မာနိုင်ငံက အွန်လိုင်းလောင်းကစားနှင့် ဆက်စပ်ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဖြစ်ကာ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟုဆို

မြန်မာနိုင်ငံ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ - CINCDS Myanmar)

ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလောင်းကစားနှင့် ဆက်စပ်ဒုစရိုက်မှုများကို ပြတ်ပြတ်သားသား နှိမ်နင်းမည်ဖြစ်ကာ သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

တရားမဝင် အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု(ကျားဖြန့်)ကို အကြောင်းပြု၍ နိုင်ငံတော်တွင် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ထိထိရောက်ရောက် အရေးယူမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတကာ၌လည်း ၎င်းကိစ္စနှင့်ပတ်သက်၍ အာရုံစိုက်မှုရှိလာကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုက်မှုနှိမ်နင်းရေးကို တက်ကြွကျယ်ပြန့်စွာဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ သက်ဆိုင်ရာ နယ်မြေများအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ၊ အခြားဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေး ဖော်ထုတ်အရေးယူခြင်းများဖြင့် တင်းတင်းကြပ်ကြပ် ပြတ်ပြတ်သားသားဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် မဖြစ်မနေလိုအပ်ကြောင်း၊ ၎င်းအမှုများအပြင် မူးယစ်ဆေးဝါးကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများအပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေး၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရွေးကောက်ပွဲ စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်း အဆိုပါ အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း သိရသည်။

ထိုအစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက ကျင်းပသော ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပနေစဉ် (ဓာတ်ပုံ – CINCDS Myanmar)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.