Connect with us

Myanmar

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိ သော Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ပတ်သက်ပြီး အထောက်အထားမဲ့ဝင်ရောက်လာသူ နိုင်ငံခြားသား ၆၁ ဦးအား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား နေရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံသို့ လွှဲပြောင်းစဥ်(ဓာတ်ပုံ- Information Team)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဖြစ်ပေါ်လျက်ရှိသော Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများနှင့် ပတ်သက်ပြီး အထောက်အထားမဲ့ဝင်ရောက်လာသူ နိုင်ငံခြားသား ၆၁ ဦးအား ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

ကရင်ပြည်နယ်၊ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်း Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ ကျူးလွန်စေရန် ငွေကြေးမက်လုံးပေးစည်းရုံးမှုများဖြင့် အဓမ္မလူကုန်ကူးခြင်းခံထားရသည့် တရုတ်နိုင်ငံသား ၃၉ ဦး၊ ကာဇက်စတန်နိုင်ငံသား ၁ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၁ ဦး၊ ပါကစ္စတန်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၁၃ ဦး၊ စုစုပေါင်း ၆၁ ဦးတို့အား ဖော်ထုတ်ရရှိသဖြင့် လိုအပ်သည့် စစ်ဆေး မှုများပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား နေရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံမှ တာဝန်ရှိသူ များထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

၎င်းတို့အား စစ်ဆေးမေးမြန်းချက်များအရ ၎င်းတို့သည် ကွန်ပျူတာနှင့်ပတ်သက်သည့် လုပ်ငန်းများ၊ ဘာသာပြန်လုပ်ငန်းများအား လစာငွေအများအပြားဖြင့် လုပ်ကိုင်ရမည်ဟု အွန်လိုင်းမှတဆင့် သွေးဆောင်စည်းရုံးခံရပြီး မက်လုံးပေးလိမ်လည်ခြင်း ခံခဲ့ရကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့သို့ ကနဦးရောက်ရှိကြပြီး တရားမဝင်ကျားဖြန့်လုပ်ငန်းမှ ကိုယ်စားလှယ်များက ထိုင်း- မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်အား တရားမဝင် ဖြတ်ကျော် ခေါ်ဆောင်ကာ မြဝတီ-ရွှေကုက္ကိုလ်နှင့် KK Park နယ်မြေအတွင်းရှိ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများတွင် ပါဝင်လုပ်ဆောင်ရန် အတင်းအဓမ္မစေခိုင်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်းနှင့် ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လျက်ရှိသည့် ပြည်ပနိုင်ငံသားများအား စိစစ်ဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ အများစုသည် ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံနယ်နိမိတ်အတွင်းသို့ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရပြီး နိုင်ငံတော်အစိုးရအနေဖြင့် ၎င်းတို့သည် တရားမဝင် ဝင်ရောက်လာသူများဖြစ်သော်လည်း လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံ အချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ တရားဥပဒေနှင့်အညီ စစ်ဆေးကာ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများ လုပ်ဆောင်နေသူများနှင့် ပါဝင်ပတ်သက်နေသူများကို အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ပြတ်ပြတ်သားသားအရေးယူခြင်းနှင့် လိုအပ်သည့်ကူညီဆောင်ရွက်ပေးခြင်းများကို ပြု လုပ်ပေးလျက်ရှိပြီး ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံအစိုးရများ အပါ အဝင် နိုင်ငံသူနိုင်ငံသားများအနေဖြင့်လည်း ၎င်းကိစ္စရပ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များရရှိပါက သက်ဆိုင်ရာသို့ အမြန်ဆုံးဆက်သွယ် သတင်း ပေးပို့ခြင်းဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ ပူးပေါင်းတိုက်ဖျက်သွားကြရန် လိုအပ် မည်ဖြစ်ကြောင်းဖြင့် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား နေရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံသို့ လွှဲပြောင်းစဥ်(ဓာတ်ပုံ- Information Team)

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား နေရာ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိုင်းနိုင်ငံသို့ လွှဲပြောင်းစဥ်(ဓာတ်ပုံ- Information Team)