Myanmar
မြန်မာနှစ်သစ်ကူးနေ့တွင် နိုင်ငံတစ်ဝန်းရှိ အကျဥ်းသား/သူ ၄,၉၀၀ ကျော် လွတ်ငြိမ်းခွင့်ပြု

ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာနှစ်သစ်ကူးနေ့ဖြစ်သည့် ယနေ့ (ဧပြီ ၁၇ ရက်) တွင် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၄,၈၉၃ ဦးကို ပြစ်ဒဏ်များမှလွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ အကျဉ်းသား/သူများအား မြန်မာနှစ်သစ်အခါသမယ အထိမ်းအမှတ်၊ နိုင်ငံတော်၏တည်ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာသောအားဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြစ်ဒဏ်များမှ လွတ်ငြိမ်းခွင့်ပြုရာ၌ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံ ပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများတွင် ပြည်တွင်း၌ ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသူ/သား (၁၃) ဦးလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၁၇ ရက်မတိုင်မီ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်းများအက်ဥပဒေအရပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေပုဒ်မ ၁၉(စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ်ပြစ်ဒဏ်စီရင်မှု)(ယာယီ)အက်ဥပဒေအရပြစ်မှုများ၊ ၁၉၅၁ ခုနှစ်လက်နက် (ယာယီပြင်ဆင်ချက်) အက်ဥပဒေအရပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ်လက်နက်အမိန့်အရပြစ်မှုများ၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေအရပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ ပြစ်မှုများ၊သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီး အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်ရှေ့၌ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာမည့်သူများအား လာရောက်စောင့်ဆိုင်းနေသူများကို ၂၀၂၅ ခုနှစ် ဧပြီ ၁၇ ရက် (နှစ်ဆန်းတစ်ရက်နေ့) ၌ တွေ့ရစဉ် (ဆင်ဟွာ)