Myanmar
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)
ယနေ့ (ဇွန် ၂၆ ရက်) ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံတစ်ဝန်းမှ အမေရိကန်ဒေါ်လာ ၂၉၇ ဒသမ ၉၅ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ (နေပြည်တော်) က ထုတ်ပြန်သော သတင်းအရ သိရသည်။
သိမ်းဆည်းရမိသော တရားမဝင် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် တောင်ကြီးမြို့တို့တွင် ယနေ့( ဇွန် ၂၆ ရက်)
မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တွင် အမေရိကန်ဒေါ်လာ ၁၁၇ ဒသမ ၇၅ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး ၃၆ မျိုး၊ မန္တလေးတွင် ကန်ဒေါ်လာ ၈၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ၄၃ မျိုးနှင့် တောင်ကြီးမြို့တွင် အမေရိကန်ဒေါ်လာ ၉၈ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး ၃၁ မျိုးကို ရဲတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ယခင်နှစ်ကလည်း အဆိုပါနေရာ ၃ ခုတွင် အမေရိကန် ဒေါ်လာ ၃၄၉ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများကိုလည်း မီးရှို့ခဲ့ကြောင်း သိရသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ထားသောဒေသများတွင် ဘိန်းစိုက်ပျိုးမှု မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံသည် လက်ရှိတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ၊ မူးယစ်ဆေးဝါး အလွဲသုံးစားမှု တိုက်ဖျက်ရေး၊ နိုင်ငံတော် လုံခြုံရေး အစီအမံများ တိုးမြှင့်ရေးနှင့် တရားဥပဒေစိုးမိုးရေး အပါအဝင် ကြိုးပမ်းအားထုတ်မှုများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်လည်း တောင်းဆိုထားကြောင်း (၃၈ ) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။ (Xinhua)