Connect with us

Environment, Disasters & Accidents

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှုံမှုဖြစ်ပေါ်သော နေရာများအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ်(ဓာတ်ပုံ-NDSC)

နေပြည်တော်၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်နေကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ (ဩဂုတ် ၂၇ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။
ဩဂုတ်လ ၂၆ ရက် ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၂၇ ရက်) နေ့လယ်ပိုင်းထိ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဇေယျာသီရိမြို့နယ် ရန်ကုန် -မန္တလေး လမ်းဟောင်းကားလမ်းနှင့် ပျဉ်းမနားမြို့နယ်၊ ကြို့တန်းကျေးရွာ၊ အင်းသာကျေးရွာ၊ သာယာစုကျေးရွာတို့၌ ရေကြီးရေလျှံမှုများ၊ ရေကျော်မှုများ ဖြစ်ပွါးလျက်ရှိကြောင်း သိရသည်။
ယင်း နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေဝင်ရောက်လျက်ရှိသည့် နေရာများမှ ပြည်သူများအား သက်ဆိုင်ရာက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးလျက်ရှိကြောင်း သိရသည်။
လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများပေါ်၌ ဖြစ်ပေါ်ခဲ့သော အပူပိုင်း မုန်တိုင်းငယ်သည် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိပြီး အဆိုပါ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းမှ ဩဂုတ်လ ၂၉ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ (Xinhua)

နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှုံမှုဖြစ်ပေါ်သော နေရာများအား ကယ်ဆယ်ရေး ဆောင်ရွက်စဉ်(ဓာတ်ပုံ-NDSC)