Myanmar
မြန်မာနိုင်ငံတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု စခန်းများဖျက်ဆီး၊ Starlink နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်း
နေပြည်တော်၊ ဇန်နဝါရီ ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှု စခန်းများ ဖျက်ဆီးကာ Starlink နှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းခဲ့ကြောင်း ယနေ့ (ဇန်န၀ါရီ ၁၄ ရက်) တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အနီးစခန်း လေဆိပ်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။
၂၀၂၅ ခုနှစ်အတွင်း တပ်မတော်အနေဖြင့် နယ်မြေအတွင်း အခြေကျလာသည်နှင့်အမျှ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး တစ်စထက်တစ်စ တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခုနှစ် ဇန်နဝါရီလတွင် သီပေါနှင့် မိုင်းရယ်မြို့နယ်များတွင် လုံခြုံရေးတပ်ဖွဲ့များသည် အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားစခန်းများအပြင် မူးယစ်ဆေးဝါးထုတ်လုပ်သည့်နေရာများစွာကို ဖြိုခွင်းခဲ့ပြီး အဆိုပါ မှုးယစ်ဆေး၀ါး ဖမ်းဆီးမှုသည် သမိုင်းတစ်လျှောက်၌ မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးတွင် အကြီးမားဆုံးနှင့် ပမာဏအများဆုံးရှင်းလင်း၊ ဖျက်ဆီး၊ ဖမ်းမိခဲ့သော စစ်ဆင်ရေးဖြစ်ခဲ့ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုသည်။
ယင်းမူးယစ်ဆေး၀ါးများထုတ်လုပ်သည့် နေရာများအားရှင်းလင်းရာတွင် ယာယီစခန်းများ၊ ကွန်ပျူတာများ၊ Starlink စက်များနှင့် တရားမဝင်လုပ်ဆောင်မှုများတွင် အသုံးပြုသည့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူများစွာကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးမှုများအရ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပါဝင်ပတ်သက်သော အဖွဲ့များသည် အချို့သောနေရာများတွင် လုံခြုံရေး အခွင့်ကောင်းယူပြီး ဆက်သွယ်ရေးလိမ်လည်မှု၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးထုတ်လုပ်မှုများအတွက် အခြေစိုက်စခန်းများတည်ထောင်ကာ နိုင်ငံနှင့် ပိုမိုကျယ်ပြန့်သောဒေသအတွက် ပြင်းထန်သောထိခိုက်မှုများဖြစ်စေကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
ယင်းလုပ်ဆောင်ချက်များသည် အမျိုးသားလုံခြုံရေးနှင့် အများပြည်သူငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသောကြောင့် အစိုးရသည် ဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားကွန်ရက်များကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဖျက်သိမ်းနေကြောင်း ၎င်းက ပြောကြားသည်။
ဆက်သွယ်ရေးလိမ်လည်မှုများ၊ လောင်းကစားနှင့် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်ပတ်သက်သည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ကွန်ရက်များကို ဖယ်ရှားရန် မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
အဆိုပါ ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာ အဖွဲ့များသည် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၂၀ ကီလိုမီတာခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာအား မြေပြင်ကွင်းဆင်းလိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။ (Xinhua)










