Myanmar
ထိုင်းနိုင်ငံတွင် ကျင်းပမည့် ၁၃ ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲတွင် အောင်မြင်မှုရယူရန် မြန်မာ့လက်ရွေးစင် အားကစားသမားများ ရည်မှန်းချက်ထားရှိ
ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် မသန်စွမ်းအားကစားသမားများသည် နောက်ဆုံးလေ့ကျင့်ပြင်ဆင်မှုများကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ လေ့ကျင့်ပြင်ဆင်နေသူများအနက် တစ်ဦးအပါအဝင်ဖြစ်သည့် အသက် ၃၄ နှစ်အရွယ် ရေကူးအားကစားသမား ကိုအောင်မြင့်မြတ်သည် ရန်ကုန်မြို့ရှိ မသန်စွမ်းအားကစား ရေကူးကန်တွင် နံနက်တိုင်း လေ့ကျင့်လျက်ရှိသည်။
S6 ရေကူးအားကစားသမားအဖြစ် သတ်မှတ်ခြင်းခံထားရသည့် ကိုအောင်မြင့်မြတ်သည် ၂၀၁၂ -၂၀၁၃ မြန်မာနိုင်ငံ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ၎င်းအနေဖြင့် ပွဲဦးထွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၊ အာရှမသန်စွမ်းအားကစားပြိုင်ပွဲနှင့် အိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ် ၃၂ ခု ရရှိထားပြီး ဖြစ်သည်။
“ရွှေတံဆိပ်ဆုရရှိဖို့အတွက် ရွှေတံဆိပ် စံချိန်ကို ကျော်လွန်အောင် လေ့ကျင့်ထားပါတယ်။ ဒါပေမဲ့ အောင်မြင်မှုကတော့ တခြားနိုင်ငံတွေက အားကစားသမားတွေ ဘယ်လောက် ကောင်းကောင်း ပြင်ဆင်ထားလဲ ဆိုတာပေါ်မှာ မူတည်ပါတယ်” ဟု ယခုသီတင်းပတ်အတွင်းက ၎င်းနှင့် တွေ့ဆုံမေးမြန်းခဲ့စဉ် ဖြေကြားခဲ့သည်။
ကိုအောင်မြင့်မြတ်သည် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ဇာတိဖြစ်ပြီး အားကစားက ၎င်း၏ဘဝကို ပြောင်းလဲစေခဲ့သည်ဟု ဆိုသည်။
“မသန်စွမ်းသူတွေဟာ သူတို့ရဲ့ မိသားစုကို အားကိုးရမယ်လို့ လူအများက ထင်ကြတယ်။ မသန်စွမ်းလက်ရွေးစင်အားကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ဘဝကို ပြောင်းလဲနိုင်ခဲ့တယ်။ ကျွန်တော်ဘာသာ ရပ်တည်နိုင်တယ်ဆိုတာကို ကျွန်တော်သက်သေပြနိုင်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။
အသက် ၂၇ နှစ်အရွယ်ရှိ ကိုစည်သူထက်ကလည်း မသန်စွမ်းပြေးခုန်ပစ်တွင် အပစ်အားကစားနည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်လျက်ရှိသည်။
“ကျွန်တော် အသက် ၁၈ နှစ်လောက်မှာ အားကစားကို စပြီး လုပ်ခဲ့ပါတယ်။ အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲအတွက် လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ပြင်ဆင်လေ့ကျင့်ခဲ့တာပါ။ တစ်ပတ်မှာ ၆ ရက် အပြင်းအထန် လေ့ကျင့်နေပါတယ်။ ပြေးခုန်ပစ်အားကစားမှာ သံလုံး၊ သံပြား အကုန်လုံး ပြိုင်မှာပါ ” ဟု ကိုစည်သူထက်က ပြောသည်။
၎င်းသည် F56 အမျိုးအစားတွင် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။
ကိုစည်သူထက်က ၂၀၁၄ ခုနှစ်တွင် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲကို ရုပ်မြင်သံကြားတွင် ကြည့်ရှုခဲ့ပြီးနောက် အားကစားလုပ်ချင်စိတ်များ စတင်ဖြစ်ပေါ်လာခဲ့ကြောင်းဆိုသည်။
“တီဗီမှာ ကြည့်ပြီးတဲ့နောက်ပိုင်း မသန်စွမ်းလက်ရွေးစင် ကစားသမားတစ်ဦးဖြစ်အောင် ကြိုးစားအားထုတ်ခဲ့တယ်။ လေ့ကျင့်ရင်းနဲ့ ထိခိုက်ဒဏ်ရာ ရတဲ့အချိန်မှာ အရမ်းကို ခက်ခဲခဲ့ပါတယ်” ဟု ၎င်းက ပြောသည်။
အားကစားလုပ်ခြင်းက ၎င်း၏ဘဝကို ယုံကြည်မှုရှိလာပြီး ပြောင်းလဲလာခဲ့ကြောင်း ၎င်းက ဆိုသည်။
“အားကစားမလုပ်ခင် အရင်တုန်းကဆိုရင် ကျွန်တော့်အနေနဲ့ လူတွေနဲ့ တွေ့ဆုံပြောဆိုရမှာတွေ ကြောက်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် ယုံကြည်မှုရှိရှိနဲ့ ပြောဆိုနိုင်ပါပြီ” ဟု ကိုစည်သူထက်က ပြောသည်။
ကိုစိုးပေသည် ခြေတုလက်တုဖြင့် ပြေးရသော ဒူးအောက် ခြေတစ်ချောင်း ချို့တဲ့သည့် အားကစားသမားများ အတွက် မီတာ ၁၀၀ နှင့် ၂၀၀ တို့တွင် ယှဉ်ပြိုင်မည်ဖြစ်သည်။
ကိုစိုးပေသည် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်သို့ ၂၀၁၆ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် နိုင်ငံကိုယ်စားပြုအဖြစ် ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။
အသက် ၂၅ နှစ်အရွယ်ရှိ မသန်စွမ်းအားကစားသမားတစ်ဦးဖြစ်သူ မချောဧကရီက လာမည့်မသန်စွမ်းအားကစား ပြိုင်ပွဲတွင် ပြေးခုန်ပစ်အားကစားဖြစ်သော သံလုံး၊ သံပြားပစ်အားကစားကိုပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လာမည့် အာဆီယံ မသန်စွမ်းအားကစားပြိုင်ပွဲက ၎င်းအတွက် ပထမဆုံး နိုင်ငံတကာအတွေ့အကြုံ ဖြစ်သည်ဟု ဆိုသည်။
“ထရိန်နင်ဆင်းရတာ တစ်ခါတလေ အရမ်းခက်ခဲတယ်။ ဒါပေမဲ့ ကျွန်မမိသားစုကို ထောက်ပံ့ဖို့နဲ့ မြန်မာနိုင်ငံအတွက် ဆုတံဆိပ်ယူလာနိုင်အောင် ကျွန်မယှဉ်ပြိုင်မှာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှ မသန်စွမ်းအားကစားသမားများသည် ထိုင်းနိုင်ငံ Nakhon Ratchasima တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲအတွက် ထိုင်းနိုင်ငံသို့ ဇန်နဝါရီ ၁၅ ရက်တွင် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်သည်။
မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်က မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင် ၁၄၅ ဦးရှိပြီး အားကစားသမား ၉၇ ဦးဖြင့် အားကစားနည်း ၁၁ မျိုး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဟာ အားကစားသမားတွေကို နှစ်နှစ်နီးပါး လေ့ကျင့်သင်ကြားပေးခဲ့သလို စက်ကိရိယာတွေနဲ့လေ့ကျင့်နိုင်ဖို့လည်း ပံ့ပိုးပေးခဲ့ပါတယ်။ ဒါမှသာ ဆုတံဆိပ်တွေရရှိမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မသန်စွမ်းအားကစားပြိုင်ပွဲတွေက ဘဝတွေကို တိုးတက်ပြောင်းလဲစေခဲ့ကြောင်း ၎င်းက ဆိုသည်။
“အားကစားသမားတွေ အများစုက အိမ်မှာပဲအနေများပြီး ရှက်တတ်ကြတယ်။ အခု ခရီးတွေထွက်၊ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ရတဲ့အခါ ယုံကြည်မှုတွေ ရလာကြတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

၁၃ ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာအားကစားသမားများ၏ လေ့ကျင့်ပြင်ဆင်နေမှုအား တွေ့ရစဉ် (ဆင်ဟွာ)
