Environment, Disasters & Accidents
မြန်မာနိုင်ငံ၏ အကြီးဆုံးအင်းတော်ကြီးအိုင်ဒေသတွင် ရေပျော်ဆောင်းခိုငှက် အကောင်ရေ ၁၇,၀၀၀ ကျော်ရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ကချင်ပြည်နယ်ရှိ အကြီးဆုံးရေချိုအိုင်ဖြစ်သည့် အင်းတော်ကြီးကန်တွင် ဆောင်းရာသီ၌ ရွှေ့ပြောင်းနေထိုင်သည့် ရေပျော်ဆောင်းခိုငှက်မျိုးစိတ် ၂၉ မျိုး၊ အကောင်ရေ ၁၇,၀၀၀ ကျော်ရှိကြောင်း အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောမှ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ဆင်ဟွာသို့ ဇန်နဝါရီ ၂၀ ရက်တွင် ပြောသည်။
အဆိုပါ စာရင်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်တွင် အာရှရေပျော်ငှက်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်းနှင့် ယင်းသို့ ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များအဖွဲ့(FFI)၊ အင်းချစ်သူအဖွဲ့ ၊ ငှက်ဝါသနာရှင်များ အဖွဲ့တို့ ပါဝင်ကြောင်း ၎င်းကဆိုသည်။
ဆောင်းခိုရေပျော်ငှက်မျိုးစိတ် (၂၉) မျိုး၊ အကောင်ရေ (၁၇,၂၇၅) ကောင် နှင့် ဒေသရင်းရေပျော်ဆောင်းခိုငှက် မျိုးစိတ် (၁၇) မျိုး၊ အကောင်ရေ (၆,၉၀၂) ကောင် စာရင်းကောက်ယူရရှိခဲ့ပြီး၊ စုစုပေါင်း ဆောင်းခို/ဒေသရင်း ရေပျော်ငှက် မျိုးစိတ် (၄၆) မျိုး နှင့် စုစုပေါင်း အကောင်ရေ (၂၄,၁၇၇) ကောင် မှတ်တမ်း တင်ကောက်ယူရရှိခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ အာရှရေပျော်ဆောင်းခိုငှက်စာရင်း ကောက်ယူရာတွင် ရရှိခဲ့သောမှတ်တမ်းများနှင့် နှိုင်းယှဉ်ပါက ဆောင်းခိုရေပျော်ငှက် မျိုးစိတ်(၁)မျိုး ပိုမို တွေ့ရှိခဲ့ပြီး အကောင်ရေ (၁,၀၆၀) ကောင် ပိုမိုကျက်စားလျက်ရှိသည်ဟု မှတ်တမ်းတင် ရရှိပါခဲ့ကြောင်း ဦးမောင်ဝင်း၏ ပြောကြားချက်အရ သိရသည်။
ဦးမောင်ဝင်းက “ဆောင်းခိုရေပျော်ငှက်မျိုးစိတ်တွေက နှစ်စဉ် အောက်တိုဘာလမှာ လာရောက်ဆောင်းခို ကျက်စားပြီး မေလမှာ ပြန်လည်ထွက်ခွာကြောင်း မှတ်တမ်းတင်ထားပါတယ်။ ဒါကြောင့် အောက်တိုဘာလနဲ့ မေလ ဒုတိယအပတ်မှာ ဆောင်းခိုငှက်များကြိုဆိုပွဲနဲ့ ဆောင်းခိုငှက်များ နှုတ်ဆက်ပွဲအဖြစ် ပညာပေးဟောပြောခြင်းတွေ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောသည်။
မြန်မာနိုင်ငံသည် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (East Asian Australasian Flyway Partnership-EAAFP) နှင့် ဗဟိုအာရှ ငှက်ပျံသန်းရာလမ်းကြောင်း (Central Asian Flyway) များပေါ်တွင် တည်ရှိပြီး အင်းတော်ကြီးတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် အရှေ့အာရှ-သြစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း (EAAFP) ပေါ်တွင် ကျရောက်လျက်ရှိသည်။ သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာန၊ အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အနေဖြင့် အုပ်ချုပ်လုပ်ကိုင်မှုစီမံချက်၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင် ခြင်းလုပ်ငန်း စီမံချက်များရေးဆွဲ၍ လစဉ် ရေပျော်ငှက်စာရင်း ကောက်ယူခြင်း၊ သစ်တောငှက်စာရင်း ကောက်ယူခြင်း၊ ငါးစာရင်းကောက်ယူခြင်း၊ ကန်ရေပြင် အတိမ်အနက်နှင့် ရေအရည်အသွေးတိုင်းတာခြင်း၊ ကင်းလှည့်စစ်ဆေးခြင်း၊ ပညာပေးဟောပြောခြင်း စသည့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ငန်းစီမံချက်ပါအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆောင်းခိုငှက်များ ဝင်ရောက်ဆောင်းခို ကျက်စားခြင်းအားဖြင့် အင်းတော်ကြီးကန် ပတ်ဝန်းကျင်ရှိ ကျေးရွာများမှ စိုက်ပျိုးထားသော စပါး/သီးနှံ စသော စိုက်ခင်းများတွင် ကျရောက်လေ့ရှိသော ပိုးမွှားများကို ဆောင်းခိုငှက်များမှ ဝင်ရောက် နှိမ်နှင်းစားသောက်ခြင်းကြောင့် သီးနှံများအထွက်တိုးခြင်း (ထို့ကြောင့် ဆောင်းခိုငှက်များသည် ဂေဟစနစ်များအား Biological Control ဇီဝနည်းဖြင့် ထိန်းညှိပေးသူများ ဖြစ်ခြင်း) ၊ ဂေဟစနစ်ကို အခြေခံသည့် ခရီးသွားလုပ်ငန်း (Eco-tourism) အတွက် များစွာ အထောက်အကူပြုခြင်း စသည်ဖြင့် ဒေသခံပြည်သူများအတွက် များစွာသော အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဆောင်းခို/ဒေသရင်း ရေပျော်ငှက် မျိုးစိတ်များ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတိုဌာန တစ်ခု/အဖွဲ့အစည်း တစ်ခုတည်း ဆောင်ရွက်ရုံဖြင့် အောင်မြင်နိုင်ခြင်းမရှိဘဲ ဒေသခံတိုင်းရင်းသား ပြည်သူများ စိတ်ပါဝင်စားမှု၊ အားပေးကူညီမှုသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့များ ဆက်စပ်ဌာနဆိုင်ရာများ၏ ပူးပေါင်းပါဝင်မှုသည်လည်း အရေးကြီးသဖြင့် အားလုံးစုပေါင်းထိန်းသိမ်းမှသာ အောင်မြင်နိုင်မည်ဖြစ်သဖြင့် ဒေသခံများအနေဖြင့်လည်း ပူးပေါင်းပါဝင်ထိန်းသိမ်းကြရန် ဦးမောင်ဝင်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)


