Connect with us

Education & Health

မြန်မာနိုင်ငံက နီပါးရ်ဗိုင်းရပ်စ် နှင့် ပတ်သက်၍ ခရီးသွားပြည်သူများအား အသိပေးချက်ထုတ်ပြန်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အဖျားရောဂါနှင့် ကူးစက်ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်နေမှုအား ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်ကတွေ့ရစဉ် (ဓာတ်ပုံ- Ministry of Health, Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

နီပါးရ်ဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ခရီးသွားပြည်သူများအား အသိပေးချက်တစ်စောင်ကို
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၀၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်၌ မြန်မာနိုင်ငံတွင် ယနေ့အချိန်အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုများကို တွေ့ရှိရခြင်းမရှိသေးသော်လည်း မူလလက်ခံကောင် လင်းနို့မျိုးစိတ်ဖြစ်သည့် သစ်သီးစားလင်းနို့/လင်းဆွဲများပေါများစွာ တည်ရှိရာဒေသဖြစ်ပြီး ကူးစက်မှုများမကြာခဏဖြစ်ပွားလေ့ရှိသည့် ဒေသတွင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့်အတွက် နီပါးရ်ဗိုင်းရပ်စ် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တလော နီပါးရ်ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေသည့်ဒေသများ (ဥပမာ – ယခုအခါ အနောက်ဘင်္ဂလားပြည်နယ်) သို့ မလိုအပ်ဘဲခရီးမသွားရန်၊ လတ်တလောရောဂါဖြစ်ပွားရာ ဒေသများသို့ရောက်ရှိနေသူများသည် ရောဂါဖြစ်ပွားရာဒေသများ ရှိ ဆေးရုံများ သို့မဟုတ် ဖျားနာသူများပြားသည့် နေရာများသို့ မလိုအပ်ဘဲ သွားရောက်ခြင်း မပြုရန်၊ လတ်တလောရောဂါဖြစ်ပွားရာဒေသများသို့ ခရီးသွားခဲ့ပြီး မိမိနိုင်ငံသို့ပြန်လာစဉ်တွင် သံသယရောဂါလက္ခဏာများဖြစ်သည့် ပြင်းထန်စွာ ဖျားခြင်းနှင့် ခေါင်းကိုက်ခြင်း၊ ချောင်းဆိုးခြင်းနှင့် အသက်ရှူရ ခက်ခဲခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အိပ်ငိုက်ခြင်းတို့ခံစားရပါက လေဆိပ်ကျန်းမာရေးဌာန သို့မဟုတ် နယ်စပ်ဝင်/ထွက်ပေါက်များရှိ တာဝန်ကျကျန်းမာရေးဝန်ထမ်းများထံ မပျက်မကွက် သတင်းပို့ရန်၊ အကယ်၍ ရောဂါဖြစ်ပွားရာဒေသမှ ပြန်လာပြီး (၁၄) ရက်အတွင်း အထက်ဖော်ပြပါ သံသယ ရောဂါ လက္ခဏာများခံစားရပါက ချက်ချင်းနီးစပ်ရာ ကျန်းမာရေးဌာနသို့ ဆက်သွယ်ရန် လိုအပ်ပြီး ရောဂါဖြစ်ပွားရာဒေသသို့ ခရီးသွားခဲ့သည့်ရာဇဝင်ရှိကြောင်းကို ဆရာဝန်အား သေချာစွာ ပြောပြ၍ လိုအပ်သည့် စမ်းသပ်စစ်ဆေးကုသမှုများကို အချိန်မီခံယူရမည်ဟု ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။
မိသားစုတွင် ရောဂါဖြစ်ပွားရာနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသည့် သံသယဖြစ်ဖွယ် ရောဂါ လက္ခဏာရှိသူများကို တွေ့ရှိပါကလည်းကောင်း၊ နေထိုင်ရာပတ်ဝန်းကျင်တွင် တိရစ္ဆာန်များ (ဝက်/လင်းနို့)တို့ ထူးထူးခြားခြား သေဆုံးနေသည်ကိုတွေ့ရှိရပါကလည်းကောင်း နီးစပ်ရာ ကျန်းမာရေးဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားရမည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။ (Xinhua)