Environment, Disasters & Accidents
မြန်မာနိုင်ငံ ရေဝပ်ဒေသ ထိန်းသိမ်းရေးတွင် ရပ်ရွာလူထု၏ အခန်းကဏ္ဍကို အလေးပေးပြောကြား
ရန်ကုန်၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံသည် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ပျဉ်ပုံကြီးကျေးရွာ၊ မိုးယွင်းကြီးအင်းအပန်းဖြေစခန်း၌ ကျင်းပခဲ့ပြီး ရေဝပ်ဒေသများ ကာကွယ်ထိန်းသိမ်းရာတွင် ဒေသခံပြည်သူလူထု၏ အရေးပါမှုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက အလေးပေးပြောကြားခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းသူ၊ ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုးယွန်းကြီးအင်းအတွင်း စက်လှေများဖြင့် ဆောင်းခိုငှက်များကြည့်ရှုခြင်း၊ သဘာဝတိုင်းရင်းငါးနှင့် မြန်မာ့ဒေသရင်းလိပ်များအား ဘေးမဲ့လွှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးက ၂၀၂၆ ခုနှစ် ကမ္ဘာ့ရေဝပ်ဒေသများနေ့ဆောင်ပုဒ်ဖြစ်သော “ယဉ်ကျေးမှုအမွေအနှစ်များဖြင့် ဂုဏ်ယူဝင့်ကြွားဖို့ ရေဝပ်ဒေသများနှင့် ရိုးရာ အသိပညာများထိန်းသိမ်းစို့” ဆိုသည့်အတိုင်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ၏ ဓလေ့ထုံးတမ်းများကို အသိအမှတ်ပြုပြီး ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ထိန်းသိမ်းရေးလုပ်ငန်းများသာမက ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရေဝပ်ဒေသထိန်းသိမ်းခြင်းလုပ်ငန်းများသည် ရာသီဥတုနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်နိုင်စေရုံသာမက ယင်းအပေါ်တွင် မှီခိုနေသော ဒေသခံများ၏ လုခြုံမှုရရှိစေကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် ပြည်သူလူထုပူးပေါင်းပါဝင်လာစေရန် အသိပညာပေးအစီအစဉ်များ လုပ်ဆောင်ခြင်းဖြင့် မျိုးဆက်သစ် လူငယ်လူရွယ်များက ရေဝပ်ဒေသများ၏ အကျိုးကျေးဇူးများနှင့် တန်ဖိုးများကို သိရှိကာ ပူးပေါင်းပါဝင်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ရေဝပ်ဒေသဂေဟစနစ်များ ထာဝစဉ်တည်တံ့စေရေး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးတို့၌ ရိုးရာအသိပညာများသည် အရေးကြီးသည့်အတွက် ပိုမိုထိန်းသိမ်းကာကွယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
