Connect with us

Myanmar

မြန်မာနိုင်ငံတွင် ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင်ဖြန့်ဖြူးရောင်းချနေသူများကို ဖော်ထုတ်ဖမ်းဆီး

မြန်မာနိုင်ငံတွင် ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင်ဖြန့်ဖြူးရောင်းချနေသူများကိုတွေ့ရစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ပြည်တွင်းရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင်ဖြန့်ဖြူးရောင်းချနေသူများကို ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း ဖေဖော်ဝါရီ ၆ ရက်ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းနေ့စဉ် သတင်းစာတွင် ဖော်ပြထားသည်။

အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် လိုအပ်သည့်အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ခြင်း၊ နေ့စဉ်စံသတ်မှတ် (ရွှေ) ရည်ညွှန်းဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် ထုတ်ပြန်ထားသည့် စံသတ်မှတ် (ရွှေ) ရည်ညွှန်းသတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းဝယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်လည်း ရွှေလုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အချို့သော ရွှေလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်ဖြစ်စေရန်အတွက် ဝိသမလောဘဖြင့် ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်း မြင့်တက်စေရန်နှင့် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် စံသတ်မှတ် (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေး ကော်မတီက နေ့စဉ်သတ်မှတ်ထုတ်ပြန်ထားသော ရွှေရည်ညွှန်းဈေးထက်ကျော်လွန်သည့် ဈေးနှုန်းများဖြင့် ရွှေတုံးရွှေခဲများအား ဝယ်ယူ၍ တရားမဝင်သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး (ရွှေ) ရောင်းဝယ်သူများအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီရွှေဆိုင်) နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်) တို့သုံးဦးသည် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများ ဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက်မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရကြောင်း၊ သို့ဖြစ်ပါ၍ ၎င်းတို့သည် ပြင်ပပေါက်ဈေးဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူစုဆောင်းကာ ဈေးကွက်အတွင်း ဈေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့သည့်အတွက် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.