Connect with us

Myanmar

မြန်မာနိုင်ငံ၊ နေပြည်တော်တွင် မြန်မာ့မျက်နှာစာသစ်ဖိုရမ် ကျင်းပ

မြန်မာနိုင်ငံ နေပြည်တော်၌ မြန်မာ့မျက်နှာစာသစ် ဖိုရမ် ပထမနေ့ကျင်းပ (ဓာတ်ပုံ-MOI)

ရန်ကုန်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံက မြန်မာ့မျက်နှာစာသစ်ဖိုရမ် (ယုံကြည်မှု၊ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု) ဖိုရမ်ကို မတ်လ ၁၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1) ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မတ် ၁၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ မတ်လ ၁၆ ရက်တွင် စတင်ကျင်းပမည့် တတိယအကြိမ် လွှတ်တော်အစည်းအဝေးအသစ် မကျင်းပခင် အဆိုပါဖိုရမ်ကို ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါဖိုရမ်တွင် မြန်မာနိုင်ငံ ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့သည်။

ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် အမြင်ကျယ်ကျယ်ဖြင့်ရှုမြင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၌ ပါဝင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ကြိုတင်သိမြင်နိုင်စေရေး၊ နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်/သွင်းကုန်ကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍများတွင် ဥပဒေများရေးဆွဲကြသည့်အခါ ချဉ်းကပ်ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် ထိရောက်သည့် ဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင်စေရေး၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် စဉ်းစားဆောင်ရွက်သင့်သည့်အချက်များ နိုင်ငံတကာတွင် ကျင့်သုံးနေသည့်အချက်များကို သိရှိနိုင်စေရေး၊ နိုင်ငံတော်အစိုးရသစ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းကူညီဆောင်ရွက်နိုင်စေရေးဟူသည့် ရည်ရွယ်ချက် (၄) ရပ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။

“နိုင်ငံ့မျက်နှာစာသစ်” ဟု အမည်တပ်ထားသော်လည်း နိုင်ငံ၏ ရုပ်ပိုင်းဆိုင်ရာမျက်နှာစာတစ်ခုတည်းကို ဆိုလိုခြင်းမဟုတ်ဘဲ စိတ်သစ်၊ လူသစ်၊ အတွေးအမြင်သစ်၊ အခင်းအကျင်းသစ်၊ လုပ်နည်းလုပ်ဟန်သစ်၊ Vision အသစ်၊ Mission အသစ်တို့ကိုပါ ညွှန်းဆိုရည်ရွယ်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ယခုဆွေးနွေးပွဲကြီး၏ ရလဒ်များသည် မြန်မာနိုင်ငံ၏ မျက်နှာစာသစ်ကို လှပစွာပုံဖော်နိုင်ရေး ပံ့ပိုးဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ထားကြောင်း၊ မကြာခင်ကာလတွင် အစိုးရအဖွဲ့သစ်နှင့်အတူ မြန်မာနိုင်ငံ၏ အရုဏ်ဦးနံနက်ခင်းသစ်တစ်ခု (သို့မဟုတ်) မျက်နှာစာသစ်တစ်ခုကို ရောက်ရှိတော့မှာဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် အမှောင်များပြေပျောက်ပြီး ရွှေရောင်လင်းလက် အလင်းဖြာစေမည့် ရောင်နီသစ်ချိန်ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မင်္ဂလာရှိသည့် အချိန်အခါသမယတွင် မြန်မာနိုင်ငံသားအားလုံးစည်းလုံးမှု၊ ညီညွတ်မှု၊ ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှု၊ လွတ်လပ်မှု စသည့် ကောင်းကျိုးတရားများ ရရှိခံစားနိုင်ကြပြီး ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးကို အတူတကွ ဝိုင်းဝန်းအကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယနေ့ဆွေးနွေးပွဲတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနိုင်ငံတို့မှ စီးပွားရေးဆိုင်ရာပညာရှင်များ လာရောက်ဆွေးနွေးကြသည့်အတွက် ၂၀၂၆ ခုနှစ် မြန်မာ့မျက်နှာစာသစ်ကို ပုံဖော်တည်ဆောက်မှုတွင်များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ယင်းဖိုရမ်ကို မတ်လ ၁၄ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ (Xinhua)