Connect with us

Myanmar

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/အကျဉ်းသား ၁၀,၀၀၀ ကျော် လွတ်ငြိမ်းခွင့်ပေး

ရန်ကုန်၊ မတ် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသော အကျဉ်းသူ/အကျဉ်းသား ၁၀,၀၀၀ ကျော်ကို ယနေ့ (မတ် ၂ ရက်) တွင် နိုင်ငံတော် ယာယီသမ္မတက လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းများအရ သိရသည်။

တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုစိတ်နှလုံး အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/အကျဉ်းသူ ၂,၈၂၅ ဦး၊ နိုင်ငံခြားသား အကျဉ်းသူ/အကျဉ်းသား ၁၀ ဦးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က) အရ အကျဉ်းကျခံနေရသော အကျဉ်းသား/အကျဉ်းသူ ၇,၃၃၇ကို ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်း ပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းဖြင့် ပြစ်ဒဏ်များကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့် ပုဒ်မ ၅၂(က)ဖြင့်လည်းကောင်း၊ ပြစ်ဒဏ်များဖြင့် ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရသူ ၁၂,၄၈၇ ဦး၏ တရားရုံးကြားနာစစ်ဆေးဆဲ အမှုပေါင်း ၉,၅၃၂ မှုကို ပိတ်သိမ်း၍ တရားခံများအား အမှုမှ လွှတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၂၀၂၆ မတ် ၂ ရက် မတိုင်မီက လူသတ်မှု၊ မုဒိမ်းမှု ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများအက်ဥပဒေအရပြစ်မှုများ၊ မတရားအသင်း ဥပဒေ၊ လက်နက်များအက်ဥပဒေ ၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် ကျခံသူများမပါဝင်ဘဲ တည်ဆဲ ဥပဒေတစ်ရပ်ရပ်အရ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများကို ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်ကြောင်း သိရသည်။ (Xinhua)