Connect with us

Myanmar

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၂ စတင်ကျင်းပ

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့ (ဇန်နဝါရီ ၁၁ ရက်) နံနက်ပိုင်းတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရွေးကောက်ပွဲ အပိုင်း(၂) မဲပေးခြင်းကို နံနက် ၆ နာရီတွင် စတင်ခဲ့ပြီး နိုင်ငံတစ်၀န်းရှိ မြို့နယ် ၁၀၀ တွင် ကျင်းပလျက်ရှိကြောင်း၊ ရွေးကောက်ပွဲကျင်းပသည့် မဲရုံအချို့တွင် လုံခြုံရေး တင်းကျပ်မှုများရှိကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲကို အပိုင်း(၃)ပိုင်း ခွဲ ကျင်းပလျက်ရှိပြီး အပိုင်း(၁) ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ ရက်တွင် နိုင်ငံတစ်ဝန်းရှိမြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ကြောင်း၊ အပိုင်း(၃) ရွေးကောက်ပွဲကို မြို့နယ် ၆၃ မြို့နယ်၌ ဇန်နဝါရီလ၂၅ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

အပိုင်း(၁) ရွေးကောက်ပွဲ အပြီးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၀၀ ကျော်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၀၀ ကျော် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲ အပိုင်း(၃) ပိုင်းဖြင့် ကျင်းပလျက်သော ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆၉၂ ခု ပါဝင်ပြီး နိုင်ငံရေးပါတီ ၅၇ ခုမှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ခန့်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နေရာများအတွက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း UEC က ထုတ်ပြန်ထားသည်။

ယင်း ရွေးကောက်ပွဲတွင် ပြည်ထောင်စုလွှတ်တော်(ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်) နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးလွှတ်တော်များမှ ရွေးကောက်တင်မြှောက်ခံရသော ကိုယ်စားလှယ်များကို ထွက်ပေါ်လာစေမည်ဖြစ်ပြီးပြည်ထောင်စုလွှတ်တော်အသစ်သည် ပြည်ထောင်စုအစိုးရအသစ်ကို ဖွဲ့စည်းမည့် သမ္မတအသစ်တစ်ဦးကို ရွေးကောက်တင်မြှောက်မည်ဖြစ်သည်။

UEC က အထွေထွေရွေးကောက်ပွဲ၏ အပိုင်း(၃)ပိုင်းလုံးအတွက် တစ်နိုင်ငံလုံးတွင် မဲရုံ ၂၁,၀၀၀ ကျော် ဖွင့်လှစ်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလတွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)