Connect with us

Politics, Law & Military

ဂေါပက အသစ် ဖွဲ့စည်းပေးပြီးနောက် တန်ခိုးကြီးဘုရားများ၌ အလှူငွေ ပိုမို ရရှိလာဟု ဆို

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်း ဖြေကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

အစိုးရသစ် လက်ထက်၌ ရွှေတိဂုံစေတီတော်နှင့် ကျိုက်ထီးရိုး စေတီတော်တို့တွင် ဂေါပက အသစ် များ ပြန်လည် ဖွဲ့စည်းပေးခဲ့ပြီးနောက်လေးနှစ်တာအတွင်း နှစ်စဉ် အလှူငွေများ တိုးတက်ရရှိခဲ့သည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကြည်မင်းက ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ဂေါပကအသစ် ဖွဲ့စည်းပြီး ထာဝရ ဘက်စုံပြုပြင်ရေး လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ပါတယ်၊ တစ်ပေ ပတ်လည် ရွှေစင် ရွှေပြား ထုတ်လုပ် နိုင်ရေး အတွက်  ၁၃ – ၁၂- ၂၀၁၈ မှာ ရွှေပြားကြိတ် စက်ရုံကို တည်ဆောက်ဖွင့်လှစ်ခဲ့ပြီး အရည်အသွေးပြည့်မီ ရွှေပြားတွေ ထုတ်လုပ်ခဲ့ရာမှာ ၂၀၂၀ ဧပြီ ၂ ရက်နေ့အထိ ရွှေပြား ၄၁၀ ချပ် ထုတ်လုပ်နိုင်ခဲ့ပါတယ်” ဟုလည်း ဒုတိယ ဝန်ကြီးက ပြောကြား ခဲ့သည်။

ရွှေတိဂုံ စေတီတော်၏ လေးနှစ်တာ (၂၀၁၆ မှ ၂၀၁၉ ) အတွင်း အလှူငွေ၊ ဘဏ္ဍာငွေ လက်ကျန် စာရင်း နှစ်အလိုက် တိုးတက်ရရှိမှုမှာ ၂၀၁၆ ခုနှစ်တွင် မြန်မာကျပ်ငွေ ၅၈ ဒသမ ၇၀၉ ဘီလီယံနှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်၊ ၂၀၁၇ ခုနှစ်တွင် မြန်မာကျပ်ငွေ ၆၅ ဒသမ ၉၀၇ ဘီလီယံနှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၄ သန်းကျော်၊ ၂၀၁၈ ခုနှစ်တွင် မြန်မာကျပ်ငွေ ၇၃ ဒသမ ၉၆၉ ဘီလီယံနှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်၊ ၂၀၁၉ ခုနှစ်တွင် မြန်မာကျပ်ငွေ ၈၉၈ ဒသမ ၈၇၇ ဘီလီယံနှင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် အသီးသီး တိုးတက် ရရှိခဲ့ကြောင်း ဒုတိယ ဝန်ကြီးက ရှင်းလင်း ပြောကြားခဲ့သည်။

အလားတူ ကျိုက်ထီးရိုး စေတီတော်၌လည်း ၂၀၁၆ သြဂုတ်၂၃ ရက်နေ့တွင် ဂေါပက အဖွဲ့အား အသစ်ဖွဲ့စည်းကာ အလှူခံ ပုံးများကို ကန်ထရိုက်စနစ် ဖျက်သိမ်းပြီး ဂေါပက အဖွဲ့သစ်က တိုက်ရိုက် တာဝန်ယူ ဆောင်ရွက်စေခဲ့ပြီးနောက် အလှူငွေ ရရှိမှုများ တိုးတက်လာခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် မြန်မာငွေ ကျပ် ၄ ဒသမ ၄၇၈ ဘီလီယံ၊ ၂၀၁၇ တွင် ကျပ် ၈ ဒသမ ၃၈၁ ဘီလီယံ၊ ၂၀၁၈ တွင် ကျပ် ၁၁ ဒသမ ၈၈၇ ဘီလီယံနှင့် ၂၀၁၉ တွင် ကျပ် ၁၅ ဒသမ ၆၇၆ ဘီလီယံ ရှိခဲ့ကြောင်း ဒုတိယ ဝန်ကြီးက ပြောကြားခဲ့သည်။

နေပြည်တော် ပြန်ကြားရေး ဝန်ကြီးဌာန၌ ယနေ့ ညနေပိုင်း ပြုလုပ်သော အစိုးရ၏ လေးနှစ်ပြည့် ဆောင်ရွက်ချက်များနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတော် အကြီးအကဲ၏ ကမ္မကထပြုမှု၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများ၏ လုံ့လ ၊ ပြည်သူများ၏ ရက်ရောသော အလှူငွေတို့ဖြင့် မြန်မာ ကျပ်ငွေ ၈ ဒသမ ၃၃ ဘီလီယံကျော် ကုန်ကျခဲ့သည့် ထာဝရ ငြိမ်းချမ်းရေး စေတီတော်ကြီးကို နေပြည် တော် ဒက္ခိဏ သီရိမြို့နယ်၊ ကံ့ကော်ပန်းအဝိုင်း အနီး၌ တည်ထားတော်မူနိုင်ခဲ့ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းမှု ရရှိရေးအတွက် အောင်အတိတ် အောင်နိမိတ်များဖြင့် အနုပညာ လက်ရာ ဒီဇိုင်းများ ပုံဖော် ထည့်သွင်း တည်ထားတော်မူခြင်း ဖြစ်ကြောင်းလည်း ဒုတိယ ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။

 

ထို့အပြင် နိုင်ငံတော်အတွင်းရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ကိစ္စရပ်များအား ဆောင်ရွက်ခဲ့ ရာ အဆိုပါ အဖွဲ့များကို မြို့နယ် ၁၂၁ ဖွဲ့၊ ခရိုင် ၄၀ ဖွဲ့၊တိုင်းဒေသကြီး/ ပြည်နယ် ၁၁ ဖွဲ့၊ ဗဟို  တစ်ဖွဲ့ စုစုပေါင်း ၁၇၃ ဖွဲ့အထိ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားစေရန်အတွက် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ များအား ငြိမ်းချမ်းမေတ္တာ အဖွဲ့က ကျင်းပရာတွင် နေပြည်တော် MICC II ၌ တစ်ကြိမ်၊ သင်္ဂဟ ဟိုတယ်၌ နှစ်ကြိမ် ကျင်းပနိုင်ရေး ကူညီပေးခဲ့ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.