Connect with us

Politics, Law & Military

နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းပြီ

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်အားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၂၄ ရက် (ဆင်ဟွာ)

အရေးပေါ် အခြေအနေတွင် နိုင်ငံသားများ၏ မူလ အခွင့်အရေး တစ်ရပ်ရပ်ကို လိုအပ်သလို ကန့်သတ်နိုင်ရန် ၁၉၇၅ ခုနှစ်က ပြဌာန်းခဲ့သော “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေ” ကို ရုပ်သိမ်းရန် ဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်လုံးက ပြင်ဆင်ချက် မရှိ သဘောတူခဲ့သဖြင့် ထိုဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က သဘောတူသည်ဟု မှတ်ယူရမည် ဖြစ်ကြောင်း ယနေ့ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌက ကြေညာခဲ့သည်။

“ပြည်သူ့လွှတ်တော်မှာ စတင် ဆွေးနွေးကာ ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့ပြီး အမျိုးသား လွှတ်တော်သို့ ပေးပို့ထားသော နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေကို ရုပ်သိမ်းရန် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်၌ ပြင်ဆင်ချက်မရှိ အတည်ပြုပြီးနောက် ၂၀-၅-၂၀၁၆ နေ့မှာ ပြည်သူ့လွှတ်တော်သို့ပြန်လည် ပေးပို့လာပါတယ်၊ ဒီဥပဒေကြမ်းကို လွှတ်တော် နှစ်ရပ်လုံးက သဘောတူခြင်း ဖြစ်၍ ပြည်ထောင်စု လွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေ နည်းဥပဒေများအရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာပါတယ်” ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။
အဆိုပါ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေသည် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်တွင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ထိပါး နှောင့်ယှက် သူများ၏ အန္တရာယ်မှ ကာကွယ်ရန် ၁၉၇၅ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ဥပဒေဖြစ်သည်။
ထိုဥပဒေအရ နိုင်ငံတော်၏ ဒေသ တစ်ခုခုတွင် ဖြစ်စေ၊ ဒေသတချို့တွင် ဖြစ်စေ အရေးပေါ် အခြေအနေ ကြေညာပြီး ထိုဒေသများတွင် နေထိုင်သော နိုင်ငံသားများ၏ မူလ အခွင့်အရေး တစ်ရပ်ရပ်ကို လိုအပ်သလို ကန့်သတ်နိုင်သဖြင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများသာမက အာဏာပိုင် အဖွဲ့အစည်း တစ်ရပ်ရပ်နှင့် မသင့်မြတ်သည့် မည်သည့် ပုဂ္ဂိုလ်မဆို ထိုဥပဒေဖြင့် အရေးယူ ထိန်းသိမ်းခံရသည်များ ရှိခဲ့သည်။
ထိုဥပဒေအား ရုပ်သိမ်းရသည့် အကြောင်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ပြည်သူ့ လွှတ်တော်သို့တင်သွင်းသော အစီရင်ခံစာတွင် “နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ကန့်သတ်ခြင်းသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးကို ကာကွယ် စောင့်ရှောက်ပေးသည့် ပြဌာန်းချက်များနှင့် ဆန့်ကျင်နေသောကြောင့် ရုပ်သိမ်းရခြင်းဖြစ်သည်” ဟုလည်းကောင်း၊ “ယင်းဥပဒေကို ပြဌာန်းစဉ်ကနှင့် ယခု အချိန်အခါ အခြေအနေတို့မှာ မတူညီတော့သည့် အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကို အခန်း (၈) တွင်လည်းကောင်း၊ အရေးပေါ် ကာလဆိုင်ရာ ပြဌာန်းချက်များကို အခန်း (၁၁) တွင်လည်းကောင်း ပြဌာန်းထားရှိပြီး ဖြစ်ပါသည်။ ယင်းဥပဒေတွင် အရေးပေါ် အခြေအနေ သက်ရောက်သည့် နယ်မြေ ဒေသနှင့် အချိန်ကာလ ဖော်ပြခြင်း၊ ယင်းဒေသတွင် နေထိုင်သော နိုင်ငံသားများ၏ မူလ အခွင့်အရေး တစ်ရပ်ရပ်ကို လိုအပ်သလို ကန့်သတ်ခြင်း၊ ရပ်ဆိုင်းခြင်းတို့ပါဝင်ပြီး ယင်းအမိန့်ကို ဖောက်ဖျက်ပါက ရာဇသတ်ကြီးပါ သက်ဆိုင်ရာ ပုဒ်မ တစ်ခုခုနှင့် အရေးယူနိုင်သောကြောင့် “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက် သည့် ဥပဒေ” ကို ရုပ်သိမ်းရခြင်း ဖြစ်ပါသည်” ဟုလည်းကောင်း ဖော်ပြ ပါရှိသည်။
“ဒီမိုကရေစီနိုင်ငံ စစ်စစ်မှန်မှန် ထူထောင်ဖို့အဟန့်အတားဖြစ်နေတဲ့ ဒီလို ဥပဒေတွေကို အခု လွှတ်တော်ကနေ ဖျက်သိမ်းလိုက်တာပါ။ ဒီမိုကရေစီစနစ်မှာ အစိုးရနဲ့သဘောကွဲလွဲသူတွေ ရှိနေမှာပါပဲ။ ဒီဥပဒေ မရှိတော့တဲ့အတွက် သူတို့ဟာ ကိုယ့် ထင်မြင် ယူဆချက်တွေကို အရင်ခေတ်ကထက် ပိုပြီး ပြောဆို ဖော်ထုတ်ခွင့်တွေ ရလာပါမယ်” ဟု ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်သစ်က ဆင်ဟွာကို ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.