Politics, Law & Military
မြန်မာ-တရုတ် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုဖြင့် ပူးပေါင်း ဆောင်ရွက်မည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဆို
ရန်ကုန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
မြန်မာ-တရုတ် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ရိုးသားမှု၊ စိတ်ရင်း စေတနာကောင်းဖြင့် ပူးပေါင်း ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr. GENG Huichang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ကမ္ဘာလုံးဆိုင်ရာ ကိစ္စရပ်များတွင် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများ မရှိမဖြစ် လိုအပ်ကြောင်း၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများ၏ ဆက်ဆံရေးသည် လုံခြုံရေးအပေါ် များစွာမူတည်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဆိုသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးက မြန်မာ-တရုတ် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၊ နှစ်ဦးနှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရေး တိုးမြှင့်ရန် ဖြစ်ကြောင်း ပြန်လည် ပြောကြားသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော် လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီး H.E.Mr. GENG Huichang ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဇေယျာသီရိ ဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး ကိစ္စရပ်များ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ လုံခြုံရေး၊ အကြမ်းဖက်မှုကာကွယ် တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြသည်။
ယင်း တွေ့ဆုံ ဆွေးနွေးပွဲသို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံတော်လုံခြုံရေး ဝန်ကြီးဌာန ဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ကြသည်။ (Xinhua)