Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိရန် နှင့် အနာဂတ်တွင် သာယာလှပ ဖွံ့ဖြိုးတိုးတက်သော ပြည်နယ် ဖြစ်လာ စေရန် စုပေါင်းညီညွတ်သော စွမ်းအားဖြင့် ကြိုးပမ်းတည်ဆောက်သွားကြရန် တိုက်တွန်း

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က အခမ်းအနား တစ်ခုတွင် မိန့်ခွန်း ပြောကြားနေမှုအား တွေ့ရစဉ်(ဓာတ်ပုံ - Myanmar President Office)

ရန်ကုန် ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ)

နှစ်ပေါင်းများစွာ တည်ငြိမ် အေးချမ်းခဲ့သော ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုကို ပြန်လည် ရရှိရန် နှင့် အနာဂတ်တွင် သာယာ လှပ ဖွံ့ဖြိုးတိုးတက်သောပြည်နယ် ဖြစ်လာစေရန် အတွက် ပြည်နယ်သူ၊ ပြည်နယ်သား တို့၏ စုပေါင်း ညီညွတ်သော စွမ်းအားဖြင့် ကြိုးပမ်း တည်ဆောက်သွားကြရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က (၄၅) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် တိုက်တွန်း ပြောကြားခဲ့သည်။

၁၉၇၄ ခုနှစ် ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းနှင့် ပြည်နယ်များ သတ်မှတ်ပြဋ္ဌာန်းရာတွင် ရခိုင်ပြည်နယ်သည်လည်း ပြည်နယ် တစ်ခုအဖြစ် ပါရှိခဲ့ကြောင်း ၊ ယင်း ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေးအတွက် ဆန္ဒခံယူပွဲ စတင် ကျင်းပ ခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကို ရခိုင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၅ ခုနှစ်မှစတင်၍ ပြည်နယ်နေ့ အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့သည်မှာ ယနေ့ဆိုလျှင် (၄၅)ကြိမ်မြောက်တိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်ထမ်းရွက်ရသည်နှင့် တစ်ပြိုင်နက် ရခိုင်ပြည်နယ်အရေးကိစ္စများကို ရေတို၊ ရေရှည် နည်းလမ်းများဖြင့် စီမံဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများဖွဲ့စည်းကာ အထူးဦးစားပေး၍ ကြိုးပမ်းခဲ့ကြကြောင်း ၊ ထို့အပြင် ပြည်ထောင်စုစီမံကိန်းဖြစ်သည့် လူသားချင်း စာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်းကိုဖွဲ့စည်းချမှတ်ကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က သဝဏ်လွှာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အေးချမ်းတည်ငြိမ်ရေးအတွက် ကြိုးစားဆောင်ရွက်နေသကဲ့သို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ကညင်ချောင်းစီးပွားရေးဇုန် စီမံကိန်း၊ ကုလားတန်မြစ်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းတို့အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။

ထို့အတူ လျှပ်စစ်ဓာတ်အားရရှိရေးအနေဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် မောင်တောမြို့နယ်သို့ နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားဖြန့်ဖြူးပေးနိုင်ခဲ့သည့်အတွက် ရခိုင်ပြည်နယ်အတွင်း မြို့နယ် (၁၇) မြို့နယ် ရှိသည့်အနက် ယခုအခါ မြို့နယ်ပေါင်း (၁၆)မြို့နယ်မှ ပြည်သူများအနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ ဓာတ်အားရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော် ဓာတ်အားစနစ်မှ ဖြန့်ဖြူးနိုင်မှုမရှိသော ကျွန်းမြို့နယ်ဖြစ်သည့် မာန်အောင်မြို့နယ်၌လည်း (၂၄)နာရီ လျှပ်စစ် ဓာတ်အား ရရှိရေးအတွက် ဆိုလာ၊ ဒီဇယ်နှင့် စွမ်းအင်သိုလှောင်မှုစနစ် (Hybrid System) ဓာတ်အားပေး စက်ရုံ တည်ဆောက်ရေး စီမံကိန်းအား ဆောင်ရွက်လျက်ရှိရာ ပထမအပိုင်း(၁) ၀.၅ မဂ္ဂါဝပ် တည်ဆောက်ခြင်းလုပ်ငန်း ပြီးစီးပြီ ဖြစ်၍ မြို့ပေါ် ၅ ရပ်ကွက်နှင့် ကျေးရွာ ၃ ရွာအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ဆိုလာစနစ်ဖြင့် ၂၄ နာရီ ဓာတ်အားစတင်ဖြန့်ဖြူး ပေးနိုင်တော့မည် ဖြစ်ကြောင်း ၊ ယင်းစီမံကိန်းမှ နောက်ထပ် ၂.၅၀ မဂ္ဂါဝပ် ထုတ်လုပ် ဖြန့်ဖြူး နိုင်ရေး အတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ သဝဏ်လွှာတွင် ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့အား ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင်မြို့တော်အဖြစ် အသိအမှတ်ပြုနိုင်ရေး UNESCO နှင့်ပူးပေါင်း၍ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် တင်သွင်းခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အဆိုပြုစာတွဲ(အပြည့်အစုံ)တင်သွင်းနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.