Politics, Law & Military
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရက် (၁၀၀) စီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများရှင်းလင်း
နေပြည်တော် ၊ သြဂုတ် ၃၀ (ဆင်ဟွာ)
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရက် (၁၀၀) စီမံချက်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု နှင့် ပတ်သက်၍ ဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် နှင့် ဦးမြင့်ကြိုင်တို့ မှ ယနေ့မီဒီယာ နှင့် တွေ့ဆုံစဉ် ရှင်းလင်းပြောကြားခဲ့သည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အနေဖြင့် ရက် ၁၀၀ စီမံချက် ကာလအတွင်း လုပ်ငန်းစဉ် ၆ ရပ် ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ၊ ယင်းလုပ်ငန်းစဉ် ၆ ရပ်အား ၂၀၁၆ ခုနှစ်၊ မေလ ၁ ရက်နေ့မှ သြဂုတ်လ ၈ ရက် နေ့အထိ သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း အချို့လုပ်ငန်းစဉ် များသည် စဉ်ဆက်မပြတ်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ ဖြစ်သည့် အတွက် ဆက်လက်ဆောင်ရွက်နေကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လုပ်ငန်းစဉ် (၁) အနေဖြင့် ရွှေ့ပြောင်းနေထိုင်သူများ နှင့် အလုပ်သမားများအား အိမ်ထောင်စု လူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော မှတ်ပုံတင်အမျိုးမျိုး ထုတ်ပေးရေး ဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ် (၂) အနေဖြင့် အခြေခံပညာကျောင်းများတွင် အသက်(၁၀) နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြား (သို့မဟုတ်) ကိုင်ဆောင်သင့်သော မှတ်ပုံတင်တစ်မျိုးမျိုးထုတ်ပေးရေးဆောင်ရွက်ခြင်း၊ လုပ်ငန်းစဉ် (၃) အနေဖြင့် ၁၉၈၂ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေ နှင့် အညီ သက်ဆိုင်သည့်စိစစ်ရေးကတ်ပြားတစ်မျိုးမျိုး စိစစ်ထုတ်ပေးခြင်း၊ လုပ်ငန်းစဉ် ၄ အနေဖြင့် အမည်မည်းစာရင်း (Black List) ရေးသွင်းထားသူများအား ဥပဒေလုပ်ထုံးလုပ်နည်း နှင့် အညီ ဖြေလျှော့ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းစဉ် (၅) အနေဖြင့် ပြည်ဝင်ဗီဇာကိစ္စရပ်များအား လူဝင်မှုကြီးကြပ်ရေးဥပဒေလုပ်ထုံးလုပ်နည်းများ အရ ဖြေလျှော့ဆောင်ရွက်ပေးခြင်း၊ လုပ်ငန်းစဉ် (၆) အရ ၂၀၁၄ ခုနှစ် ၊ လူဦးရေ နှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ရရှိသော ဘာသာရေးဆိုင်ရာ အချက်အလက်များ ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ ဝန်ကြီးဌာန ၏ အဓိကလုပ်ငန်းတာဝန်ကြီး ၃ ရပ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးလုပ်ငန်း၊ အမျိုးသားမှတ်ပုံတင်ရေး နှင့် နိုင်ငံသားမှတ်ပုံတင်လုပ်ငန်း၊ ပြည်သူ့အင်အားစာရင်းကောက်ယူထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)