Politics, Law & Military
ကနေဒါနိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်မည်
ရန်ကုန်၊ ဇွန် ၇ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံသို့ ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များအား တွေ့ဆုံ သွားမည်ဖြစ်ပြီး ဖက်ဒရယ်ဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက ထုတ်ပြန်ထားသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကနေဒါ စံတော်ချိန် ဇွန် ၆ ရက် နံနက်ပိုင်းတွင် ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှ အော့တဝါမြို့သို့ ကနေဒါ လေကြောင်းလိုင်းဖြင့်ထွက်ခွာရာ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် အော့တဝါ မြို့ မက်စ်ဒေါ်နယ် ကာတီရား အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိသည်။
ကနေဒါနိုင်ငံနှင့် ဆွီဒင်နိုင်ငံတို့သို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်ရန် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၄ ရက်ညပိုင်းက ရန်ကုန်မြို့မှ ထွက်ခွာခဲ့သည်။
အဆိုပါ ခရီးစဉ်သို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စား လှယ်အဖွဲ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ သမ္မတရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါသွားသည်။
ချစ်ကြည်ရေးခရီးစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကနေဒါနှင့် ဆွီဒင်နိုင်ငံတို့၏ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ အဆင့်ဆင့် ပြောင်းလဲကျင့်သုံးခဲ့မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)