Politics, Law & Military
ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော် ရွေးကောက်ပွဲ ကော်မရှင်ထံ စာရင်းပေးသွင်း
ရန်ကုန်၊ သြဂုတ် ၁၅ ရက် (ဆင်ဟွာ)
၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ရန် အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ သတ်မှတ်ရက် နောက်ဆုံးနေ့ဖြစ်သော သြဂုတ်လ (၁၄) ရက်နေ့အထိ ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော် စာရင်း ပေးသွင်းထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်း ၅,၄၀၀ ကျော်သည် ပါတီ ၉၀ ပါတီမှ ကိုယ်စားလှယ်လောင်းများ ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၁,၁၃၉ ဦး အများဆုံးအဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တင်သွင်းကာ ဒုတိယ အများဆုံးအဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ ကိုယ်စားလှယ်လောင်း ၁,၁၃၈ ဦး နှင့် တတိယ အများဆုံး အဖြစ် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ၇၃၀ ဦး တင်သွင်းခဲ့သည်။
အမျိုးသား တိုးတက်ရေး ပါတီက ၂၈၃ ဦး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ၂၃၆ ဦး၊ မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုး တိုးတက်ရေး ပါတီက ၂၀၆ ဦး ၊ တစ်သီးပုဂ္ဂလ အမတ်လောင်း ၂၃၂ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (ကျားဖြူ) က ၁၉၇ ဦး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (ကျားခေါင်း) ပါတီက ၁၂၆ ဦး၊ ကရင်ပြည်သူ့ ပါတီက ၁၁၈ ဦး၊ ရခိုင် အမျိုးသားပါတီ ၆၄ ဦး ၊ မွန် အမျိုးသားပါတီ ၅၁ ဦး စသည်ဖြင့် အသီးသီး စာရင်းသွင်း ထားသည်။
ကော်မရှင် ထုတ်ပြန်ချက်အရ သြဂုတ်လ ၁၄ ရက်ထိ ပြည်သူ့ လွှတ်တော်အတွက် ကိုယ်စား လှယ်လောင်း အရေအတွက် ၁,၅၄၅ ဦး၊ အမျိုးသား လွှတ်တော်အတွက် ၇၉၁ ဦး၊ ပြည်နယ်တိုင်း လွှတ်တော်နှင့် တိုင်းရင်းသား လူမျိုးစု မဲဆန္ဒနယ် အတွက် ၃,၀၇၂ ဦး စုစုပေါင်း ၅,၄၀၈ ဦး စာရင်း ပေးသွင်းထားသည်။ (Xinhua)