Politics, Law & Military
ကုန်ကျစရိတ်များသည့် ယာဉ်အို ယာဉ်ဟောင်းများ သုံးစွဲွဲခြင်းအား ပြန်သုံးသပ်မည်
နေပြည်တော်၊ မတ်လ ၁၅ ရက် (ဆင်ဟွာ)
အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကို ပြန်လည်သုံးသပ်ပြီးနိုင်ငံတော်အတွက်အကျိုးဖြစ်ထွန်းစေမည့် နည်းလမ်းများ ရှာဖွေ ဆောင်ရွက်သွားမည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်းက ယနေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား ခဲ့သည်။
“ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာမှာ အစိုးရ ဝန်ကြီးဌာနများအောက်ရှိ ဦးစီးဌာနအသီးသီးတွင် ယာဉ်အို ယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေ ခြင်း ကြောင့် မော်တော်ယာဉ် ပြင်ဆင် ထိန်းသိမ်း စရိတ်များ နှစ်စဉ် အဆမတန် တင်ပြ တောင်းခံနေ မှုများ ကို အရေးတကြီး ပြန်လည် သုံးသပ်ပြီး ခိုင်မာအားကောင်းသော မူဝါဒ တစ်ရပ် ချမှတ်ကာ စီမံ ဆောင်ရွက်သင့်ကြောင်း အကြံပြုခဲ့ပါတယ်၊ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ဒီကိစ္စကို ရှေးဦးစွာ ပြန်လည် သုံးသပ်ပါ့မယ်” ဟု ၎င်းက ပြောခဲ့သည်။မော်တော်ယာဉ်များ ပြင်ဆင်ထိန်းသိမ်းခြင်းနဲ့ဝယ်ယူ သုံးစွဲခြင်း ကိစ္စရပ်များသည် ဝန်ကြီးဌာန အားလုံး နှင့် သက်ဆိုင်ပြီး နိုင်ငံတော်က မူဝါဒ ချမှတ်ပေးရန် လိုအပ်ခြင်း၊ ရေတိုရေရှည် အစီအစဉ်များ ရေးဆွဲ ဆောင်ရွက်ရမည် ဖြစ်ခြင်းတို့ကြောင့် ဝန်ကြီးဌာနက ရှေးဦးစွာ သုံးသပ်ပြီး နိုင်ငံတော် အကျိုး ဖြစ်ထွန်းစေမည့်နည်းလမ်းများရှာဖွေ၍ ပြည်ထောင်စု အစိုးရ အဖွဲ့သို့တင်ပြကာ လမ်းညွှန်မှု ခံယူ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောခဲ့သည်။
၂၀၁၇ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အောင်မြေ သာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမိုးနှင့် ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့က ထောက်ပြ ဆွေးနွေးရာတွင် အစိုးဌာန အဖွဲ့အစည်းများတွင် ၎င်းယာဉ်အိုယာဉ်ဟောင်းများ ဖြန့်ေ၀ အသုံးပြုနေခြင်းကြောင့် နှစ်စဉ် ပြင်ဆင် ထိန်းသိမ်းရသည့် စရိတ်များမှာ ကားအသစ်များ ဝယ်ယူ အသုံးပြု ခြင်းထက် ပိုမို များပြားကာ တွက်ခြေမကိုက်ကြောင်း တင်ပြခဲ့ကြသည်။ (Xinhua)