Connect with us

Politics, Law & Military

ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လေးစားလိုက်နာမည်ဟု မိုင်းလား လက်နက်ကိုင်အဖွဲ့ဆို

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် မိုင်းလား အထူးဒေသ(၄)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးနေစဉ် (ဓာတ်ပုံ- မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် မိုင်းလား အထူးဒေသ(၄)အဖွဲ့တို့ တွေ့ဆုံဆွေးနွေးစဉ် နှစ်ဖက် ချုပ်ဆိုထားသော ငြိမ်းချမ်းရေး သဘောတူစာချုပ်ကို လေးစားလိုက်နာမည်ဟု မိုင်းလားအဖွဲ့ ဥက္ကဠ ဦးစိုင်းလင်းက ဒီဇင်ဘာလ ၂၂ ရက်က ပြောကြားသည်။

နိုင်ငံတော် သမ္မတကြီး၏ ငြိမ်းချမ်းရေး ဆိုင်ရာ ဆောင်ရွက်မှု ဖြစ်စဉ်များနှင့် တိုးတက်မှုများအပေါ် ထောက်ခံ ကြိုဆိုပါကြောင်း၊ မိမိတို့အဖွဲ့သည် နိုင်ငံတော်မှ ခွဲထွက်ခြင်းပြုလုပ်မည် မဟုတ်ဘဲ နိုင်ငံတော်၏အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ထိန်းသွားမည်ဖြစ်ပြီး နှစ်ဖက်ချုပ်ဆိုခဲ့သည့် ငြိမ်းချမ်းရေး သဘော တူစာချုပ်ကို လေးစားလိုက်နာသွားမည်ဖြစ်ပါကြောင်း ၎င်းက ဆိုသည်။

ပဋိပက္ခ များကို တွေ့ဆုံ ဆွေးနွေးခြင်းမှ တစ်ဆင့် အဖြေရှာသည့်နည်းလမ်းကို ကျင့်သုံးသွားမည် ဖြစ်ပြီး ပြည်တွင်းရှိ တိုင်းရင်းသား ညီအစ်ကို များနှင့်အတူ နိုင်ငံရေးဆွေးနွေးပွဲကို ပါဝင် တက်ရောက်ရန် ဆန္ဒရှိ ပါကြောင်း ဥက္ကဌ ဦးစိုင်းလင်းကပြောသည်။

နိုင်ငံရေးပဋိပက္ခများကို နိုင်ငံရေးစားပွဲဝိုင်းတွင်သာ အဖြေရှာကြရ မည်ဖြစ်ပြီး လာမည့် ဇန်နဝါရီ ၁၂ ရက်တွင် ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးပွဲ ဆောင်ရွက်ရန်ရှိပါကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မိုင်းလား အထူးဒေသ (၄)အဖွဲ့ကိုလည်း အထူးဧည့်သည် တော်အဖြစ် တက်ရောက်နိုင် ရန် ဖိတ်ကြားခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင် ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် မည်သည့်အဖွဲ့ကိုမျှ ချန်ထားခဲ့ရန် မရှိပါ ကြောင်း ၎င်းကဆိုသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ဦးခင်မောင်စိုး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး အရှေ့မြောက် တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မိုင်းလား မြို့ ရွှေဟင်္သာဟိုတယ်၌ မိုင်းလားအထူးဒေသ (၄) ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ့ နှင့်တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

မိုင်းလား အထူးဒေသ(၄) အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့် က ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင်ရွက်နေသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါးနှိမ်နင်းရေး၊ လမ်းတံတား၊ လျှပ်စစ်၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေနှင့် လိုအပ်ချက်များကို အဆိုပါ တွေ့ဆုံပွဲတွင် ရှင်းလင်းတင်ပြသည်။ Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.