Connect with us

Politics, Law & Military

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် မထိုးနိုင်သေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တောင်းဆိုမှုများကို ညှိနှိုင်း လုပ်ဆောင်မည်ဟု နိုင်ငံတော် သမ္မတဆို

မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနား တွင် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ယနေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့ လက်မှတ် ရေးထိုးသော်လည်း လက်မှတ် ရေးထိုးရန် ကျန်ရှိသော အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကိုလည်း ဆက်လက် ညှိနှိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။

အဆိုပါ NCA စာချုပ်တွင် လက်မှတ် ရေးထိုးရန် ကျန်ရှိသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ် ရေးထိုးနိုင်ရေးကို အားလုံး ကြိုးစားမည် ဖြစ်ပြီး အားလုံး ပါဝင်ရေးကို တံခါး ဖွင့်လှစ်ထားမည် ဖြစ်ကြောင်း သမ္မတက ယနေ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ် လက်မှတ်ရေးထိုးပွဲ အဖွင့် မိန့်ခွန်းတွင် ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် အဖွဲ့ဘယ်နှစ်ဖွဲ့ လက်မှတ် ရေးထိုးနိုင်ရေးထက် စာချုပ်ပါ အချက်အလက်များကို ပိုမို ခိုင်မာအောင် လုပ်ဆောင်ပြီး ယုံကြည်မှု ပိုမို တည်ဆောက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ယင်း လက်မှတ် ရေးထိုးထားသော တစ်နိုင်ငံလုံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကိုသာ ရှေ့ဆက် သွားမည်ဖြစ်ပြီး နောက်ပြန်လှည့်ရန် အကြောင်း မရှိကြောင်း၊ ယင်းစာချုပ်သည် နောင်မျိုးဆက်များ အတွက် သမိုင်း လက်ဆောင် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို အစိုးရဘက်မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယ သမ္မတ များ ဖြစ်သော ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဦးဉာဏ်ထွန်း ပြည်ထောင်စု လွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ နှင့် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ လက်မှတ် အပြန်အလှန် ရေးထိုးကြသည်။

အဆိုပါ စာချုပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး / ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU / KNLA-PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA) တို့ လက်မှတ် ရေးထိုးခဲ့သည်။

နှစ်ပေါင်းများစွာ ဖြစ်ပေါ်ခဲ့သော တိုက်ပွဲများကြောင့် သောင်းနှင့်ချီသော နှစ်ဖက်တပ်ဖွဲ့တပ်များ အသက် ဆုံးရှုံးပြီး တိုက်ပွဲများ ဖြစ်ပွားသော ဒေသများတွင် သိန်းနှင့်ချီသော ပြည်သူများ စစ်ဘေး ဒုက္ခများကို ခံစားနေရကြောင်း နိုင်ငံတော် သမ္မတက မိန့်ခွန်းအတွင်း ထည့်သွင်း ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.