Politics, Law & Military
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ မစ္စစ်ရန်ဟီလီတို့ တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ မစ္စစ်ရန်ဟီလီနှင့် အဖွဲ့အား ယနေ့ နံနက် ၉နာရီအချိန်တွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ၂၁-ရာစုပင်လုံညီလာခံအောင်မြင်စွာကျင်းပနိုင်မှုအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ အခန်းကဏ္ဍ မြှင့်တင်ရေးကိစ္စများ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိစ္စများ၊ တည်ဆဲဥပဒေများကို နိုင်ငံတကာစံနှုန်းနှင့်အညီ ပြန်လည်သုံးသပ်မှုများပြုလုပ်သည့်ကိစ္စနှင့် ဥပဒေကြမ်းရေးဆွဲမှု လုပ်ငန်းစဉ်များအားလည်းကောင်း ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ အခြေအနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးမှုများ တိုးမြှင့်ဆောင်ရွက်သွားရေး
ကိစ္စများကို အသီးသီး ဆွေးနွေးခဲ့ကြသည်။
ရခိုင်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် အောက်တိုဘာလအတွင်းကဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခံရမှုများအပေါ် မစ္စစ်ရန်ဟီလီက ပြင်းထန်စွာရှုတ်ချကြောင်းပြောကြားခဲ့ပြီး နယ်မြေရှင်းလင်းရေး၊ လုံခြုံရေးဆောင်ရွက်မှုများနှင့်ပတ်သက်၍ထွက်ပေါ်နေသည့် စွပ်စွဲပြောဆိုချက်များနှင့် ပတ်သက်၍လည်းကောင်း၊ လိုအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများတိုးမြှင့်ပေးနိုင်ရေးနှင့် ပတ်သက်၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။(Xinhua)