Politics, Law & Military
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး တို့ တွေ့ဆုံ
နေပြည်တော်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Børge Brende နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၀၉ း ၃၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် နော်ဝေနှင့် မြန်မာနိုင်ငံအကြား စွမ်းအင်၊ လျှပ်စစ်၊ ငါးလုပ်ငန်းဖွံ့ဖြိုးရေး လုပ်ငန်းတို့တွင် ဆောင်ရွက်လျက်ရှိသည်များကို ဆက်လက် ပူးပေါင်း တိုးမြှင့်ဆောင်ရွက်သွားရန်ကိစ္စ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလမ်းစဉ်နှင့် အမျိုးသားပြန်လည် သင့်မြတ်ရေး ဆောင်ရွက်မှု များတွင် နော်ဝေနိုင်ငံအနေဖြင့် ဆက်လက်ပံ့ပိုးသွားမည့် နည်းလမ်းများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များတွင် ပံ့ပိုးမှုများပေး မည့် ကိစ္စတို့အပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြကြောင်း နှင့် နေ့လယ် ၁၁ း ၃၀ နာရီတွင် နှစ်နိုင်ငံပူးတွဲ သတင်းစာရှင်းလင်းပွဲ တစ်ရပ်အား နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံလွင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း ၎င်းဝန်ကြီးဌာန၏ website တွင် ဖော်ပြထားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် နော်ဝေနိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ၇၅ ရာခိုင်နှုန်း ရောက်ရှိနေပြီး ဆက်လက် လျှောက်လှမ်းကြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး “ရခိုင်ပြည်နယ်ဟာ စိုးရိမ်စရာ အခြေအနေမှာရှိနေပါတယ်၊ အဲ့ ဒီမှာ ရှိတဲ့ လူ့အဖွဲ့ အစည်းတွေကြားမှာ အတူတကွ ပူးပေါင်း ဆောင်ရွက်ရမယ့်ကိစ္စတွေရှိနေပါတယ်၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလည်း လိုအပ်ပါတယ်၊ မွတ်ဆလင် အဖွဲ့ အစည်း သာမက ဗုဒ္ဒွ ဘာသာ အဖွဲ့အစည်း နှစ်ခုစလုံးက လက်ရှိ ကြုံနေရတဲ့ အကျပ်အတည်း အခြေအနေတွေကနေ ယုံကြည်မှုနဲ့ ဖောက်ထွက်နိုင်ဖို့လိုပါတယ်၊ နော်ဝေနိုင်ငံ အနေနဲ့ လည်း အထွေထွေ ကူညီထောက်ပံ့မှုတွေကို ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး နဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကိုလည်း ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။ (Xinhua)