Connect with us

Politics, Law & Military

အကြမ်းဖက်မှု နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်က မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ဆွေးနွေးမှုများပြုလုပ်နေစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အကြမ်းဖက်မှု နှိမ်နှင်းရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးကို အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိစဉ် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ တွေ့ဆုံမှုများတွင် ဒီမိုကရေစီအစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ပြန်လည် ရင်ကြားစေ့ရေး နှင့် နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေး အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးရန် အသင့်ရှိနေသည့် နားလည်မှုစာချွန်လွှာများကို နှစ်ဖက်အဆင်ပြေမည့် အချိန်တွင် ဆောလျင်စွာ လက်မှတ်ရေးထိုးသွားရေး၊ ဒေသတွင်းစီးပွားရေး ဖွံဖြိုးတိုးတက်မှုများ ရှိလာသည်နှင့်အမျှ ဖွံဖြိုးမှု နောက်ကျခြင်းကြောင့် ဖြစ်ပေါ်သည့် ကိစ္စများကို ဖြေရှင်းနိုင်ရေးကို ဦးသောင်းထွန်း က ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် က နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ဆောင်ရွက်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတိုက် ဖျက်မှုတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပြောကြား၍ ဘင်္လားဒေ့ရှ်နိုင်ငံဘက်သို့ မြန်မာဘက်မှ ထွက်ပြေးလာသည် ဆိုသူများအား ပြန်လည်လက်ခံရေးအတွက် မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mr. Abul Hassan Mahmood Ali ၏ ဖိတ်ကြားချက်အရ၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ဇူလိုင် ၂ ရက်မှ ၄ ရက်အထိ တရားဝင် ခရီးသွားရောက်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် Ms. Sheikh Hasina၊ နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး Mr. Abul Hassan Mahmood Ali ၊ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီး Mr. Asaduzzaman Khan ၊ ဝန်ကြီးချုပ်၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Maj-Gen(Ret) Tarique Ahmed Siddiqueနှင့် နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ် (National Defence College) ကျောင်းအုပ်ကြီး Lt-Gen Chowdhury Hasan Sarwardy တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.