Connect with us

Politics, Law & Military

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ယနေ့ ပြည်သူ့ လွှတ်တော်တွင် အတည်ပြု

ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် အစည်အဝေး ကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမျိုးသားလွှတ်တော်က ပြင်ဆင်ချက် မရှိ အတည်ပြု၍ ပေးပို့လာသော နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းအား ယနေ့ ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၄ ဦးမှ ပြင်ဆင်ချက် ၁၃ ချက် တင်သွင်း၍ တစ်ပိုဒ်ချင်းစီ မဲခွဲဆုံးဖြတ်ပြီးသည့်နောက် ၎င်းဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်တွင် အတည်ပြုလိုက်သည်။

နိုင်ငံတော် အတိုင်ပင်ခံဆိုင်ရာ ပုဂ္ဂိုလ် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က တစ်ပိုဒ်ချင်းစီ အတည်ပြု ခဲ့ခြင်းအပေါ် တပ်မတော်သား ကိုယ်စားလှယ်များမှ ဆန္ဒမဲ ပေးခဲ့ခြင်းမရှိပေ။

ဗိုလ်မှူးချုပ် မောင်မောင်က “ဒီဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ မဲခွဲတဲ့ စနစ်နဲ့ အတည်ပြုခဲ့တာ ဖြစ်ပြီးအခု ပြည်သူ့လွှတ်တော်မှာ ပါ မဲခွဲပြီး ဆောင်ရွက်မယ်ဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေ မဲပေးမှာမဟုတ်ဘူး’’ လို့ ၎င်း၏ ဆွေးနွေးမှု အပြီးတွင် ပြောဆိုခဲ့သည်။
တပ်မတော် အနေဖြင့် ၎င်းဥပဒေကြမ်းသည် အဆောတလျင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့်အညီ ဖြစ်သင့်ကြောင်း ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအား တပ်မတော်မှ လေးစား လိုက်နာသည့် အတွက် ဖွဲ့စည်းပုံ နှင့်အညီ ထောက်ပြ ဆွေးနွေးခြင်း ဖြစ်ကြောင်း တပ်မတော်ဘက်မှ ဆွေးနွေးခဲ့သည်။
တစ်ပိုဒ်ချင်းစီ အလိုက် ဆွေးနွေးပြီးသည့်နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌမှ ၎င်းအဆို နှင့် ပတ်သက်၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုရန် ကန့်ကွက်သူ ရှိမရှိ မေးမြန်းသည့် အခါ တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ကြောင်း မတ်တပ်ရပ်သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မှ ကန့်ကွက်သူက လူနည်းစု ဖြစ်သည့်အတွက် ၎င်းဥပဒေအား အတည်ပြုကြောင်း အတည်ပြု ကြေညာခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “မတ်တပ်ရပ်တာ တွေ့ပါတယ်။ တင်ပြခွင့် မရှိတော့ပါဘူး ။ မဲခွဲဆုံးဖြတ်ပြီးပါပြီ တစ်ပိုဒ်ချင်းကို ။ သဘောမတူမတာကိုလည်း တပ်မတော်သား ကိုယ်စားလှယ်တွေ ဘက်က ဖော်ပြပြီးပါပြီ။ အခုကြည့်လိုက်တဲ့အခါ လူနည်းစု ဖြစ်နေတဲ့အတွက် အများစု သဘောတူထားခြင်း ကြောင့်သာ အတည်ပြုခြင်းဖြစ်ပါတယ်။ ထိုင်ပါ’’ ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.