Connect with us

Politics, Law & Military

နိုင်ငံရေးအကျဉ်းသားများနှင့် ကျောင်းသားများ လွတ်မြောက်ရေး သြင်္ကန်ရုံးပိတ်ရက်ပြီးနောက် အမြန်ဆုံး ဆက်လက်လုပ်ဆောင်ပေးမည်ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ထပ်မံထုတ်ပြန်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ထပ်မံထုတ်ပြန်သောကြေညာချက် အမှတ်(၂/၂၀၁၆)အားတွေ့ရစဉ် (ဓာတ်ပုံ- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး-Facebook)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှု ရင်ဆိုင်နေရသည့် ကျောင်းသားများ လွတ်မြောက်ရေးအတွက် သြင်္ကန်ရုံးပိတ်ရက်များပြီးနောက် တရားရုံးများပြန်လည်ဖွင့်ချိန်တွင် အမြန်ဆုံး ဆက်လက်လုပ်ဆောင်ပေးမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ညနေ၌ ကြေညာချက် ထပ်မံထုတ်ပြန်လိုက်သည်။

ယင်း အမှုရင်ဆိုင်လျက်ရှိသူများနှင့် သက်ဆိုင်သည့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၉၄နှင့် အညီ အမှုရုပ်သိမ်းရေး ဆောင်ရွက်ရာ၌ အမှုစစ်ဆေးရန် ချိန်းဆိုသည့်နေ့ရက်ဖြစ်ခြင်း၊ တရားလိုအဖြစ် ဆောင်ရွက်သူက အမှုကို ရုပ်သိမ်းရန် လျှောက်ထားခြင်း၊သက်ဆိုင်ရာဥပဒေရုံးက အမှုရုပ်သိမ်းရန် ဆုံးဖြတ်၍ သက်ဆိုင်ရာ တရားရုံးသို့ အမှုပိတ်သိမ်းပေးပါရန် လျှောက်ထားခြင်းနှင့် တရားရုံးက အမှုရုပ်သိမ်းရန် လျှောက်ထားချက်အပေါ် ခွင့်ပြုခြင်းများ လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လုပ်ငန်းစဉ်များကို ယနေ့ ဧပြီလ ၈ရက်နေ့တွင် အမှုစစ်ဆေးရန် တရားရုံးကချိန်းဆိုထားသူများအတွက် အပြီးဆောင်ရွက်နိုင်သော်လည်း အမှုစစ်ဆေးရန် ချိန်းဆိုထားခြင်းမရှိသူများအတွက် အချိန်မီဆောင်ရွက်ပေးနိုင်ခြင်းမရှိသဖြင့် သြင်္ကန်နှစ်သစ်ကူးရုံးပိတ်ရက်များအပြီး တရားရုံးများဖွင့်လှစ်ချိန်တွင် အမြန်ဆုံး ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နိုင်ငံရေး အကျဉ်းသားများနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွှယ်ပြီး အမှု ရင်ဆိုင်နေရသည့် ကျောင်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ရရှိပြီး အမြန်ဆုံးပြန်လည်လွတ်မြောက်ရေးအတွက် လိုအပ်သည့် စိစစ်ရေးများ ဆောင်ရွက်လျက်ရှိပြီး လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ သာယာဝတီ ခရိုင်တရားရုံးတွင် အမှု ရင်ဆိုင်နေရသော ဖမ်းဆီးခံ ကျောင်းသားများနှင့် ဝန်းရံပြည်သူ ၆၉ ဦး ယနေ့ ညနေပိုင်းတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ (၄၉၄) အရ အမှု ရုပ်သိမ်းလိုက်သဖြင့် လွတ်မြောက်လာပြီး ရန်ကုန်တွင် တရားရင်ဆိုင်နေသော နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားအချို့ကိုလည်း အမှုရင်ဆိုင်နေရသော တရားရုံးအချို့တွင် အမှု ရုတ်သိမ်းပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.