Politics, Law & Military
ပြည်ထောင်စုနယ်မြေရှိ ကိုယ်စားလှယ်များအား နေပြည်တော် ကောင်စီ တွေ့ဆုံ

နေပြည်တော်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)
ပြည်ထောင်စုနယ်မြေ နေပြည်တော် ရှိ မြို့စုစုပေါင်း ရှစ်မြို့နယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များနှင့် နေပြည်တော်ကောင်စီဝင်တို့ ယနေ့နံနက် ၁၀ း ၀၀ နာရီတွင် တွေ့ဆုံခဲ့ကြောင်းသိရသည်။
လွှတ်တော်ကိုယ်စားလှယ် အသီးသီးတို့က မိမိတို့ မဲဆန္ဒနယ်အလိုက် တွေ့ရှိရသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လယ်ယာမြေဆိုင်ရာ အခက်အခဲများနှင့် ပတ်သက်ပြီး နေပြည်တော်ကောင်စီသို့မေးမြန်းထားသည့် မေးခွန်းများကို ဖြေကြားရန် တွေ့ဆုံခြင်း ဖြစ် သည်ဟု နေပြည်တော် ကောင်စီက လွှတ်တော် ကိုယ်စားလှယ်များသို့ပေးပို့သော စာတွင် ဖော်ပြ ပါရှိသည်။
အဆိုပါ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်က “လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့မြို့နယ်မှာ ဆောင်ရွက်ချင်တာတွေကို ကျွန်တော် တို့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ညီအစ်ကိုတွေချင်း တွေ့ကြတဲ့ လက်ဖက်ရည်ဝိုင်းလေးပါပဲ၊ ပြည်သူ့ အစိုးရလက်ထက်မှာ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေ ပိုပြီး အားကောင်းလာပါပြီ” ဟု ဖုန်းဖြင့် ဖြေကြားခဲ့သည်။ ထိုတွေ့ဆုံပွဲသို့ လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)