Politics, Law & Military
ပြည်သူ့လွှတ်တော် တရားစီရင်ရေး နှင့် ဥပဒေရေးရာ ကော်မတီ ဖွဲ့စည်း အတည်ပြု
နေပြည်တော်၊ မေ ၁၉ ရက် (ဆင်ဟွာ)
ဥပဒေနှင့် အညီ တရားစီရင်ရေး၊ တရားရုံး အဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ ရရှိနိုင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်ရန် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီကို ပြည်သူ့လွှတ်တော်က ယနေ့ ဖွဲ့စည်း အတည်ပြု ခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီး လမ်းမတော်မြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး နတ်မောက် မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်တင်လင်းက အတွင်းရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်မည့် ထိုကော်မတီတွင် မင်းဘူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဝင်း၊ လေရှီးမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဌေး၊ ဗိုလ်တထောင် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စိုး (ခေါ်) ဒေါ်မေစိုး၊ လောင်းလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန္ဒီ၊ မန်စီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးချင်းဖေလင်း၊ မာန်အောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်နု (ခေါ်) ဦးတင်နုအောင်၊ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုး၊ တံတားဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စိုးနွယ်အေး၊ လပွတ္တာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဦးအေးကြူ၊ ကဝမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှသန်း၊ ဘော်လခဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောင်၊ စစ်တွေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သိန်းခိုင်နှင့် တပ်မတော်သား ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ညီညီလွင်တို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြသည်။ ကော်မတီ၏ တာဝန်များမှာ တရားစီရင်ရေးနှင့် ဥပဒေရေးရာ လုပ်ငန်းများ မှန်ကန်မှု၊ တရားမျှတမှု ရှိစေရေးအတွက် ကူညီ ဆောင်ရွက်ရန်၊ ဥပဒေနှင့်အညီ တရားစီရင်ရေး၊ တရားရုံး အဆင့်ဆင့်တွင် သက်ဆိုင်သူများ၏ ရပိုင်ခွင့်များကို ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် အညီ ရရှိနိုင်ရေး အတွက် ညှိနှိုင်း ဆောင်ရွက်ရန်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြဌာန်းထားသည့် တန်းတူ ညီမျှမှု၊ လွတ်လပ်မှု၊ တရားမျှတမှု အခွင့်အရေးများကို နိုင်ငံသားတိုင်း ခံစားနိုင်ရေး အတွက် အားပေးကူညီရန်၊ နိုင်ငံ့ ဝန်ထမ်းများ၏ အခွင့်အရေးများ မှန်ကန်စွာ ရရှိရေးအတွက် စိစစ်ကူညီ ဆောင်ရွက်ပေးရန်၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာန အဖွဲ့အစည်းများက ကျင့်သုံးလျက်ရှိသည့် ဥပဒေများကို လေ့လာ၍ ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ အသစ်ပြဌာန်းရန်များ တွေ့ရှိပါက လွှတ်တော်သို့တင်ပြရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများက အခါအားလျော်စွာ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများသည် တည်ဆဲ ဥပဒေများနှင့် လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်က ပြဌာန်း လိုက်သည့် ဥပဒေများနှင့်လည်းကောင်း ညီညွတ် ဆီလျော်အောင် ဆောင်ရွက်စေပြီး ညီညွတ်ဆီလျော်မှု ရှိပါက လိုက်နာ ဆောင်ရွက်မှုကို စောင့်ကြည့် ထိန်းသိမ်း ကူညီရန်၊ သက်ဆိုင်ရာ နယ်ပယ် အသီးသီးရှိ ဌာန အဖွဲ့ အစည်းများနှင့် ဆက်စပ်လျက် ရှိသည့် တိုင်ကြားစာများ၊ အသနားခံစာများ၊ တင်ပြချက်များကို ကြားနာ စိစစ်၍ လွှတ်တော် ဥက္ကဋ္ဌမှ တစ်ဆင့် လွှတ်တော်သို့အစီရင်ခံ တင်ပြရန်တို့ဖြစ်သည်။ ကော်မတီ၏ လုပ်ပိုင်ခွင့်များမှာ ပြည်ထောင်စု အစိုးရအဖွဲ့အပါအဝင် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက် ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား လည်းကောင်း၊ လုပ်ငန်းနှင့် ဆက်စပ်သော အကြောင်းအရာများကို သိရှိ နားလည်သည်ဟု ယူဆသူများအား လည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်း ဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြ စေခြင်းများ ပြုလုပ်နိုင်သည်ဟု ကော်မတီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် ဖော်ပြပါရှိသည်။ အဆိုပါ ကော်မတီ ဖွဲ့စည်းခြင်း၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ခန့်အပ်ခြင်း၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ခြင်းတို့ကို ယနေ့ပြည်သူ့လွှတ်တော် အစည်းအဝေးက ကန့်ကွက်သူ မရှိ သဘောတူပြီး အတည်ပြုခဲ့ခြင်း ဖြစ်သည်။ (Xinhua)