Politics, Law & Military
ပြန်ကြားရေးဝန်ကြီးသစ် ဒေါက်တာဖေမြင့် နှင့် ဦးရဲထွဋ်တွေ့ဆုံ
ရန်ကုန်၊မတ်၂၈ရက်(ဆင်ဟွာ)
မတ်လ ၂၈ ရက် နံနက်တွင် ပြန်ကြားရေးဝန်ကြီးသစ်အဖြစ်တာဝန်ယူမည့် ဒေါက်တာဖေမြင့်အား ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပတ်သက်သည့် အခြေအနေများ ရှင်းလင်းပြောကြားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။
ဦးရဲထွဋ်က “စာနယ်ဇင်းလောက က လာတဲ့ ဆရာ့အနေနဲ့ နိုင်ငံပိုင်မီဒီယာတွေကို ပိုမို အရည် အသွေးမြင့်မားအောင် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်’’ ဟု ပြောကြားခဲ့သည်။
ဦးရဲထွဋ်က စစ်သားဘဝနှင့် ဝန်ကြီးဘဝ မည်သည့်ဘဝအား ပိုမို နှစ်သက်ကြောင်း ကွန်မန့်အနေဖြင့် လူတစ်ဦး၏မေးမြန်းချက်ကို အခုလိုဖြေကြားခဲ့သည်။ “စစ်သားဘဝက ကျွန်တော်ရွေးချယ်တဲ့ဘဝ၊ ဝန်ကြီးဘဝက တာဝန်ပေးခံရလို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားလုပ်ဆောင်ခဲ့တဲ့ဘဝ၊ ပြန်သွားလို့ရမယ်ဆိုရင် စစ်သားဘဝကိုပဲ ပြန်သွားချင်တာပေါ့’’ ဟုဖြေကြားခဲ့သည့် အဖြေအား Like လုပ်သူ ၂၅၀ ကျော်ရှိခဲ့သည်။ (Xinhua)