Connect with us

Politics, Law & Military

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အတွေ့အကြုံများ ဒိန်းမတ် ကူညီမည်

International Best Practices for Integration of Variable Renewable Power and Management in Power Systems workshop ကျင်းပနေစဉ်

နေပြည်တော်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် Solar Energy နှင့် Wind Energy ကဲ့သို့ သဘာ၀ အရင်းအမြစ်များမှ ထုတ်ယူသည့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် (Renewable Energy) ပိုမို ထုတ်ယူ သုံးစွဲနိုင်ရေးအတွက် ဒိန်းမတ်နိုင်ငံက ငွေကြေးအပါ အဝင် နည်းပညာနှင့် အတွေ့အကြုံများ ကူညီမည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်မိမိခိုင်က ယနေ့နံနက်ပိုင်းတွင် မီဒီယာသို့ပြောကြားသည်။

“ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးက ကျွန်မတို့ပြည်
ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးတို့ကို လာရောက်တွေ့ဆုံပြီး သူတို့နိုင်ငံမှာ အောင်မြင်နေတဲ့ Wind Energy တွေ Solar Energy တွေ Renewable Energy တွေနဲ့ပတ်သက်တဲ့ နည်းပညာတွေ အတွေ့အကြုံတွေ Share လုပ်ပေးမယ်၊ အဲဒီလို လုပ်နေရင်းက ငွေကြေး အကူအညီ အပါ အဝင် တခြား ပံ့ပိုးမှုတွေ၊ နည်းပညာ အကူအညီတွေ ပေးနိုင်ဖို့လုပ်တဲ့ workshop ပါ” ဟု နေပြည်တော် Hilton Hotel တွင် ဒိန်းမတ် နိုင်ငံ သံရုံးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ပထမဆုံး ပူးတွဲ ပြုလုပ်သည့် International Best Practices for Integration of Variable Renewable Power and Management in Power Systems workshop တွင် ဒေါ်မိမိခိုင်က ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“Renewable Energy ကို ကျွန်မတို့အစိုးရကလည်း ဆောင်ရွက်သွားမှာပါ။ ရုပ်ကြွင်းလောင်စာ ဆိုတာက တဖြည်းဖြည်းနဲ့ ကျလာမယ်၊ ပတ်ဝန်းကျင် သန့်ရှင်းဖို့အတွက်လည်း ထိန်းသိမ်းဖို့လိုလာမယ်။ Renewable Energy ကို သုံးဖို့ကမ္ဘာကလည်း တိုက်တွန်း အားပေးနေတဲ့ အချိန်မှာ မြန်မာနိုင်ငံကလည်း လုပ်မှာပါ။ မူလ ကတည်းကလည်း ရေအားလျှပ်စစ်တွေ တစ်နိုင်ငံလုံး အနှံ့အပြား လုပ်ဆောင်နေပါတယ်၊ ဆက်ပြီး တော့လည်း တခြား resources တွေ ဖြစ်တဲ့ Solar တို့Wind တို့နဲ့လည်း ဆက်ပြီး အကောင် အထည်ဖော်သွားဖို့ အမြန် ဆုံး လုပ်နေပါပြီ” ဟုလည်း ၎င်းက ရှင်းပြခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံ၏ လျှပ်စစ် သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်လာနေပြီး လျှပ်စစ် အမှန် တကယ် ပေးနိုင်သည့် အခြေအနေမှာ အိမ်ထောင်စုပေါင်း ၃ ဒသမ ၈ သန်းကျော်၊ ရာခိုင်နှုန်း အားဖြင့် တစ်နိုင်ငံ လုံး၏ ၃၉ ရာခိုင်နှုန်းခန့်သာ ရှိသေးကြောင်း၊ လျှပ်စစ်ဓာတ်အား မရသေးသည့် ကျန် အိမ်ထောင်စု များနှင့် တိုးတက်လာသော စီးပွားရေး လုပ်ငန်းများ၊ စက်မှု လုပ်ငန်းများ အတွက် လျှပ်စစ်ဓာတ်အားကို တိုးထုတ်ရန့်လိုအပ်လာကြောင်းလည်း ၎င်းက ရှင်းပြခဲ့သည်။
“လက်ရှိ ဓာတ်အား သုံးနေရတဲ့ သူတွေကလည်း ပိုသုံးချင်လာတယ်၊ အများစုကလည်း မရသေးဘူးဆိုတော့ Solar Energy တို့ Wind Energy တို့ကနေ လျှပ်စစ်ဓာတ်အား ထုတ်ဖို့လိုလာပါတယ်၊ သဘာဝက ရရှိတဲ့ စွမ်းအင်တွေကို သန့်ရှင်းတဲ့ စွမ်းအင်တွေ အဖြစ် အသုံးချနိုင်ဖို့အပြင် ရလာတဲ့ စွမ်းအင်တွေကို ရောင်းချနိုင် ဖို့ကိုပါ စဉ်းစားပြီး ဆောင်ရွက်လျက် ရှိပါတယ်၊ မူလ ဆွဲထားတဲ့ Plan အရ ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား ရရှိဖို့ပါ” ဟုလည်း ညွှန်ကြားရေးမှူးချုပ်က ပြောခဲ့သည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. Peter Henson နှင့် ဖိတ်ကြားထားသော ပြည်တွင်း ပြည်ပ မှ ပညာရှင်များ တက်ရောက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.