Connect with us

Politics, Law & Military

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်သော တရားခံများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်သော တရားခံတစ်ဦး၏ နိုင်ငံကူးလက်မှတ်အား တွေ့ရစဉ်(ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက် ဆက်စပ်သော ကွင်းဆက်တရားခံများကို ဖော်ထုတ် ဖမ်းဆီးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။

မလေးရှားနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနမှ စီမရစ်မြို့ ကုန်လှောင်ရုံ၌ မေ ၂၂ ရက်နေ့တွင် မလေးရှားနိုင်ငံသား ၃ ဦးနှင့် မြန်မာနိုင်ငံသား ၃ ဦးတို့နှင့်အတူ မက်အဖက်တမင်း (၁၁၈၇) ကီလိုဂရမ်နှင့် ဘိန်းဖြူ (၇၅၀) ဂရမ်တို့အား ဖမ်းဆီးရမိခဲ့ပြီး နောက် ယင်းဖမ်းမိ မူးယစ်ဆေးဝါးများနှင့် ပတ်သက် ဆက်စပ်သော ကွင်းဆက်တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါမူးယစ်ဆေးဝါးများ ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ရန်ကုန်မြို့ရှိ Nice Guy Clearence Service Agency မှ ကုန်သေတ္တာအမှတ် (FSCU 9911521) ထဲတွင် စားသောက်ကုန်များဖြင့် မူးယစ်ဆေးဝါးများကို ရောနှောထည့်သွင်း၍ မလေးရှားနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ တစ်ဆင့် မလေးရှားနိုင်ငံသို့ ပို့ဆောင်ရန်အတွက် တာမွေမြို့နယ်၊ နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ ပထမထပ်၊ မ/၅၀(A)နေ ရှော်ရိတ် အာမောက်၏သား မောင်မောင် (ခ) Hj Yassin (၄၄) နှစ်က လာရောက် ဆက်သွယ်မှုအရ U Kaung Trading Co.Ltd မှ တာဝန်ယူပို့ဆောင်ပေး ခဲ့ကြောင်း သိရှိရပြီး မောင်မောင် (ခ) Hj Yassin နှင့် ပူးပေါင်းပါဝင်သူများ အား စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် ဇွန် ၂ ရက်နေ့တွင် ဆိပ်ကမ်း မြို့မရဲစခန်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၂၀(က)/၂၀(ခ)/၂၁ ဖြင့် အမှုဖွင့်အရေးယူ စုံစမ်းစစ်ဆေး ခဲ့ကြောင်း သိရသည်။

ဇွန် ၂ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ဆက်စပ်တရားခံ အမျိုးသား တစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အဓိကတရားခံ မောင်မောင် (ခ) Hj Yassin သည် မေလ ၃၀ ရက်နေ့ကတည်းက TOYOTA LEXUS ယာဉ်အမှတ် YGN 5L-8088 နှင့်အတူ ထွက်ပြေးတိမ်းရှောင်နေကြောင်း စိစစ်တွေ့ရှိ ရသဖြင့် ပူးပေါင်းပါဝင်သူများ ဖမ်းဆီးရမိရေးအတွက် စုံစမ်း ရှာဖွေလျက်ရှိရာ ဇွန်လ ၅ ရက် ၂၂း၀၀နာရီတွင် တရားခံ မောင်မောင်(ခ)Haji Yassin(၄၄)နှစ်သည် Top Light ယာဉ်အသင်းမှ MDY FF/xxxx ဗင်ကားဖြင့် ပြင်ဦးလွင်မှ မန္တလေးသို့ ထွက်ခွာ သွားကြောင်း သတင်းရသဖြင့် ၁၆ မိုင် စစ်ဆေးရေးစခန်းတွင် ပိတ်ဆို့ ဖမ်းဆီးရာ ၂၃နာရီ ၁၅ မိနစ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.