Politics, Law & Military
မူလ ပါတီမှ နုတ်ထွက်ခွင့် မရလျှင် ရွေးကောက်ပွဲတွင် တစ်သီး ပုဂ္ဂလ အဖြစ် ယှဉ်ပြိုင်နိုင်ဟု ဆို
နေပြည်တော်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
နိုင်ငံရေး ပါတီတစ်ခုမှ နုတ်ထွက်ခွင့်မရဘဲ အခြား နိုင်ငံရေးပါတီတစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိကြောင်းနှင့် ထိုသို့ မူလ ပါတီမှ နုတ်ထွက်ခွင့်မရဘဲ ယှဉ်ပြိုင်လိုပါက တစ်သီးပုဂ္ဂလ အဖြစ်သာ ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသက်ထွန်းက ပြည်သူ့ လွှတ်တော် ယနေ့ အစည်းအဝေးတွင် ရှင်းလင်း ဖြေကြားခဲ့သည်။
“နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ အရ “ပုဂ္ဂိုလ်တစ်ဦးသည် တစ်ချိန်တည်းတွင် ပါတီ တစ်ခုတည်း၌သာ ပါဝင်ဆောင်ရွက်ခွင့် ရှိသည်။” ဟု ပြဌာန်းထားပါတယ်၊ သို့ရာတွင် ပါတီမှ နုတ်ထွက်ခွင့် မရသော အခြေအနေတွင် ၎င်း၏ ရွေးကောက် တင်မြှောက်ခံနိုင်ခွင့် မဆုံးရှုံးစေရေး အတွက် တစ်သီး ပုဂ္ဂလအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၁ ပါ ပြဌာန်းချက်နှင့် ဆန့်ကျင်သည်ဟု မဆိုနိုင်ပါ” ဟုလည်း ၎င်းက ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်၏ အမေးကို ပြန်လည် ဖြေကြားရာတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသက်ထွန်းက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် ရှိသည့် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံပါက ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည် ဖြစ်ကြောင်း၊ တစ်သီး ပုဂ္ဂလ အဖြစ်ဖြင့် ဖြစ်စေ၊ နိုင်ငံ ရေး ပါတီ တစ်ခုခုကို ကိုယ်စားပြု၍ ဖြစ်စေ ဝင်ရောက် ယှဉ်ပြိုင်နိုင်ကြောင်း၊ ထိုသို့ မူလ ပါတီမှ နုတ်ထွက်ခွင့် မရသည့် အခြေအနေ ရှိသူများအနေဖြင့် တစ်သီးပုဂ္ဂလ အဖြစ် ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ပေးရေးကိုမူ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စုံညီ ညှိနှိုင်း အစည်းအဝေးတွင် ထည့်သွင်း ဆွေးနွေးပြီး ယင်းအစည်းအဝေး၏ ညှိနှိုင်း ဆုံးဖြတ်ချက်အား မေးခွန်းရှင် လွှတ်တော် ကိုယ်စားလှယ်ထံ အကြောင်းပြန်ပေးမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)