Politics, Law & Military
မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း ရှိ လှေတစ်စီးပေါ်မှ ငွေကျပ် သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်း ရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ)
မောင်တောမြို့နယ်၊ နတ်မြစ်အတွင်း တွင် လက်ခတ် လှေတစ်စီးပေါ်မှ ငွေကျပ် သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်း ရမိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။
ဖြစ်စဉ်မှာမောင်တောမြို့နယ်၊ နတ်မြစ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းလှည့်တာဝန် ထမ်းဆောင်စဉ် ဖေဖော်ဝါရီ ၁၂ ရက်၊ ည ၁၀ နာရီခွဲခန့်တွင် တစ်ဖက်နိုင်ငံသို့ လှော်ခတ်နေသော မသင်္ကာဖွယ် လက်ခတ်လှေတစ်စီးအား တွေ့ရှိ၍ မီးအချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိသောကြောင့် လိုက်လံဖမ်းဆီးရာ လှေပေါ်ပါသူများသည် ကမ်းတွင်လှေထိုးပြီး ထွက်ပြေးသွားသဖြင့် အလျား ပေ ၂၀၊ အနံ ၇ ပေရှိ လှေတစ်စီးနှင့် လှေအတွင်းမှ ဆာလာအိတ်ဖြင့် ထုတ်ထားသောအထုပ် တစ်ထုပ်ကို သိမ်းဆည်းရမိသည်။
သိမ်းဆည်းရမိသည့် အထုပ်အား ဖွင့်ဖောက်စစ်ဆေးရာ ကာလတန်ဖိုး ငွေကျပ် သိန်း ၁၉၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉၇,၅၀၀ ပြားကို စစ်ဆေးတွေ့ရှိရသည်။ သိမ်းဆည်းရမိ သည့် လှေနှင့် မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်း အပ်နှံပေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။ (Xinhua)