Connect with us

Politics, Law & Military

မဲဆန္ဒရှင် စာရင်းများ နောက်ဆုံးအကြိမ် ၁၄ ရက်ကြာ ထပ်မံ ကြေညာပေးမည် 

ရန်ကုန်မြို့၌ ဇူလိုင်လအတွင်းက မဲစာရင်းလာရောက်ကြည့်ရှုသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ) 

ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင် စာရင်းများကို အောက်တိုဘာလ ၁ ရက်မှ ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ်အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထားကြေညာပေးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ ထုတ်ပြန်ခဲ့သည်။ 

ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရေးအတွက် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ မဲစာရင်းတွင် မိမိအမည် ပါဝင်ခြင်း ရှိ/မရှိ လာရောက်ကြည့်ရှုရန် ၊ သက်ဆိုင်ရာက အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအနေဖြင့်လည်း စက်တင်ဘာ ၄ ရက်အထိ   ပြုစု ထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ပြင်  Mobile Application ဖြစ်သည့် findyourpollingstation.apk ကို Google Play Store တွင် Download ရယူပြီး မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန်လည်း စီစဉ်ထားရှိကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိရန် ၂၀၁၉ ခုနှစ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုခဲ့ပြီး လစဉ် ပြင်ဆင်ခြင်း/ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း များကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း ၊ စိစစ်ပြုစုပြီး မဲဆန္ဒရှင်စာရင်းကို ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၁၄ ရက်အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများနှင့် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ကပ်ထားကြေညာခဲ့ပြီး မဲဆန္ဒရှင်ပြည်သူ များမှလည်း လိုအပ်သည့် တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။

 မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းကို လာရောက် / ဝင်ရောက် ကြည့်ရှုပြီး မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်း ပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို မဲစာရင်း ကပ်ထားကြေညာသည့် ၁၄ ရက်အတွင်း ဆောင်ရွက်ရန် ဖြစ်ကြောင်း ၊  လိုအပ်သော ပုံစံများ ကိုလည်း ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ (အခမဲ့) ရယူနိုင်ကြောင်း ထည့်သွင်း ထုတ်ပြန်ခဲ့သည်။ 

 ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရေးနှင့် ရွေးကောက်ပွဲနေ့တွင် လွယ်ကူစွာ မဲပေး နိုင်ရေးအတွက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံး တစ်ဦး (မပျက်မကွက်)လာရောက်ကြည့်ရှုခြင်း၊ လာရောက်ကြည့်ရှုရန် အခက်အခဲရှိပါက မဲဆန္ဒရှင် စာရင်း ကြည့်ရူစစ်ဆေးသည့် Web Application နှင့် Mobile Application များတွင်  ဝင်ရောက်ကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်ကြပါရန် နှင့် မိမိနှင့်မိသားစု တို့၏ မဲစာရင်း အမှတ်စဉ် များကို မှတ်သားထားခြင်းဖြင့် ရွေးကောက်ပွဲနေ့ မဲရုံတွင် မဲလက်မှတ်ထုတ်ယူရာ၌ အချိန်ကုန် သက်သာစေရေး ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် ကော်မရှင်က မေတ္တာရပ်ခံထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.