Politics, Law & Military
မြန်မာနိုင်ငံ၏ စွမ်းအင် ၊ အခြေခံ အဆောက်အအုံ နှင့် စက်ပစ္စည်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပိုလန်နိုင်ငံမှ စိတ်ဝင်စား
ရန်ကုန်၊ မေ ၃ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ၏ စွမ်းအင် ၊ အခြေခံ အဆောက်အအုံနှင့် စက်ပစ္စည်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ပိုလန်နိုင်ငံမှ စိတ်ဝင်စားလျက် ရှိကြောင်း၊ UMFCCI တွင် ကျင်းပခဲ့သည့် မြန်မာ-ပိုလန် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား တိုးမြှင့်နိုင်ရေး အတွက် MoU (နားလည်မှု စာချွန်လွှာ) ရေးထိုးပွဲတွင် Export Development Director က ပြောကြားခဲ့သည်။
ပိုလန်နိုင်ငံ အနေဖြင့် အဆိုပါ ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု ရှိသော်လည်း လာမည့် နှစ်နှစ် သို့မဟုတ် သုံးနှစ်ခန့် ကြာမှသာ ရင်းနှီးမြှုပ်နှံ နိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာ-ပိုလန် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်နိုင်ရေး စသည့်အချက်များကို နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာ-ပိုလန် စီးပွားရေး ဆက်သွယ် ဆောင်ရွက်နေမှု အခြေအနေများ၊ နှစ်နိုင်ငံ၏ နိုင်ငံရေးနှင့် ယဉ်ကျေးမှု နောက်ခံ သမိုင်းများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်သူများတွင် လယ်ယာ စိုက်ပျိုးရေးနှင့် စားသောက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊သတ္တုလုပ်ငန်း၊ ဆေးနှင့် ဆေးပစ္စည်း အသုံးအဆောင် လုပ်ငန်းနှင့် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်လုပ်ငန်းရှင် ၁၂ ဦး ပါဝင်ကြောင်း သိရသည်။ (Xinhua)