Politics, Law & Military
မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လက်နက်/ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)
မြဝတီမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် လက်နက်/ခဲယမ်းများနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့ ၁၃း၃၀နာရီ အချိန် သင်္ဃန်းညီနောင်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ ရွာသစ်(၉၀၇)ဝင်းအနီးနေ ကျော်နိုင်၏ နေအိမ်ကိုရှာဖွေရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၆၇၄ ပြား၊ ပြောင်းချောသေနတ် နှစ်လက်၊ ၉ လုံးကျည် ၉ တောင့်၊ ပွိုင့် ၃၀ ကျည် ၁၄ တောင့် နှင့် မော်တော်ယာဉ်တစ်စီးတို့ကိုလည်းကောင်း၊ ကွင်းဆက်အရ ၁၄း၀၀ နာရီ အချိန် မြဝတီမြို့၊ အမှတ်(၂)ရပ်ကွက်၊ စိန်သရဖူ(၂)လမ်းနေ ဧည့်သည်(ခ)ကြက်ကုလား၏နေအိမ်ကို ရှာဖွေရာ အေးနိုင်(ခ)သံပိုက်အားတွေ့ရှိပြီး နေအိမ်အပေါ်ထပ်ရှိ ပီနံအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၁,၈၀၀ ပြားနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ဖေဖော်ဝါရီ ၁၆ ရက်နေ့ ၀၀း၃၀ နာရီ အချိန် တပ်မတော် နှင့် ဘုရားသုံးဆူနယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဥဒေါင်းကန်(၄)လမ်းနေ မမြစန္ဒာဝင်း၏ နေအိမ်ကိုရှာဖွေရာ အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၄၁ ပြား၊ အိုက်စ် ၃.၆၅ ဂရမ်၊ ငွေ ၇၀၀၀ ကျပ် နှင့် ထိုင်းငွေ ၃၁၆၀ ဘတ်တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် မမြစန္ဒာဝင်း (၂၈)နှစ်၊ ကျော်နိုင်(၄၇)နှစ်၊ အေးနိုင်(ခ)သံပိုက်(၅၅)နှစ်နှင့် ဧည့်သည်(ခ)ကြက်ကုလား(ဖမ်းမမိသေး) တို့အား မူးယစ်ဆေးဝါး နှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)