Politics, Law & Military
မြောက်ဦးမြို့နယ်တွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ယာဉ်တန်းနှင့် ရဲတပ်ဖွဲ့ရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ်
ရန်ကုန်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များလိုက်ပါ လာသည့် ယာဉ်တန်းနှင့် မြောက်ဦးခရိုင် ရဲတပ်ဖွဲ့မှူးရုံးတို့အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့သည် ရခိုင်ပြည်နယ်အတွင်းရှိ နယ်မြေလူထုအတွက် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များ ဆောင်ရွက်ပေးလျက်ရှိစဉ် မတ် ၁၈ ရက် ည ၇ နာရီ ၃၅ မိနစ်တွင် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဉ်တန်းအား AA လက်နက်ကိုင်အဖွဲ့က မြောက်ဦးမြို့အဝင်၌ မြို့နေ ပြည်သူလူထု၏ နေအိမ်များပေါ်မှ နေရာယူ၍ နာရီဝက်ခန့်ကြာသည်အထိ ပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ AA လက်နက်ကိုင်အဖွဲ့သည် မြောက်ဦးမြို့နယ်၊ ထမ္မရစ်ရပ်ကွက်ရှိ မြောက်ဦးခရိုင် ရဲတပ်ဖွဲ့ မှူးရုံးအား ရပ်ကွက်အတွင်းရှိ မြို့နေပြည်သူလူထု၏ နေအိမ်များတွင် အကာ အကွယ်ယူ၍ လက်နက် ကြီး/လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
AA အဖွဲ့သည် ဒေသခံရခိုင်တိုင်းရင်းသား အများစုနေထိုင်သည့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရှေးဟောင်း ပုထိုးစေတီများနှင့် လူနေအိမ်များကို အကာအကွယ်ရယူ၍ ရည်ရွယ်ချက်ရှိရှိဖြင့် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်သောသတင်းအရသိရသည်။(Xinhua)