Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်း

သမ္မတရုံး၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓါတ်ပုံ-Myanmar President office)

ရန်ကုန်၊ စက်တင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး မှ ယနေ့ နေ့စွဲဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်လိုက်သည်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတွက်အဆိုပါ“ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ” ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။အဆိုပါကော်မတီဥက္ကဋ္ဌ အဖြစ်ပြည်ထောင်စုဝန်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပူးတွဲဥက္ကဋ္ဌ အဖြစ် ဝန်ကြီးချုပ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၊ ဒုတိယဥက္ကဋ္ဌ အဖြစ် ဒုတိယဝန်ကြီးနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ အတွင်းရေးမှူးအဖြစ် နယ်စပ်ရေးရာဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန မှ အမြဲတမ်းအတွင်းဝန်က ဆောင်ရွက်မည်ဖြစ်ပြီး အဖွဲ့ဝင် ၁၀ ယောက် ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တို့၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ မြေပြင်အခြေအနေပေါ် မူတည်ပြီး အကျိုးရှိမည့် ကိစ္စရပ်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသည့် လူမှုအသိုက် အဝန်းများအကြား စိတ်အေးချမ်းသာစွာ အတူတကွ နေထိုင်နိုင်ရေးတို့အတွက် ဦးတည် ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ အလျင်အမြန် ဖွံ့ဖြိုးလာစေရေးအတွက် မဟာဗျူဟာ စီမံချက်ရေးဆွဲချမှတ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားကျေးရွာများ ရေရှည်ရပ်တည်နိုင်ရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများသည် အခြားဒေသများသို့ ရွှေ့ပြောင်းထွက်ခွာသွားခြင်းကို ကာကွယ် တားဆီးနိုင်ရန်အတွက် အခြေခံအဆောက်အအုံများ ပေါ်ထွန်းလာစေရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက် ရရှိလာစေရေး သင့်လျော်သည့် မူဝါဒများ ချမှတ် ဆောင်ရွက်ရန်၊အကြမ်းဖက် တိုက်ခိုက်မှုပပျောက်ရေးနှင့် မူးယစ်ဆေးဝါးကင်းစင်ရေးနယ်မြေ ဖြစ်လာ စေရန် ဦးစားပေး ဆောင်ရွက်ရန်၊ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများမှ ပေးအပ်သည့် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ၊ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော်က ချမှတ်ပေးသော မူဝါဒနှင့်အညီ ခွဲဝေပေးရေး ကြီးကြပ်ရန်၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားအဖြစ် အသိအမှတ်ပြုသင့်သူများကို အသိအမှတ်ပြု၍ နိုင်ငံသားအခွင့်အရေး ရရှိစေရေး(National Verification Process) ကို အရှိန်အဟုန်ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ရခိုင်ပြည်နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများအား ၎င်းတို့၏ ကိုးကွယ်သည့် ဘာသာ၊ လူမျိုးနှင့်နိုင်ငံသား၊ ကျား/မဆိုင်ရာ ဖြစ်တည်မှုတို့အပေါ် အခြေခံ၍ခွဲခြားမှု မပြုဘဲ တူညီသော ပညာသင်ကြားခွင့် ရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းများ တိုးမြှင့်နိုင်ရေးတို့ကို စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ကော်မတီ၏ အကောင်အထည်ဖော်မှု အခြေအနေများအပေါ် တိုးတက်မှု အစီရင်ခံစာကို ပြည်သူများသို့ လေးလတစ်ကြိမ် ထုတ်ပြန်တင်ပြရမည်ဖြစ်ကြောင်း ပါရှိသည်။

ထို့ပြင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီရုံး ကို သီးခြားဖွင့်လှစ်ထားရှိရမည်။ ကော်မတီ၏ ကုန်ကျစရိတ်အဝဝကို နိုင်ငံတော်သမ္မတရုံး၏ ရန်ပုံငွေမှ ကျခံသုံးစွဲရမည်ဖြစ်ကြောင်းသိရသည်။ကော်မတီ၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်စဉ် လိုအပ်သော လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့က ဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်များ၏ အကြံပြုချက်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြေပြင်အခြေအနေပေါ် မူတည်၍ အကျိုးရှိစွာ ထိထိရောက်ရောက် ဖော်ဆောင်နိုင်ရေး အတွက် လိုအပ်သည့် အကြံဉာဏ်များ ရယူနိုင်ရန် အကြံပေးအဖွဲ့ကို ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေ့အကြုံရှိသူများနှင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဖွဲ့စည်းသည့် အမိန့်အား သီးခြားထုတ်ပြန်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.