Politics, Law & Military
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉,၃၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ ရက် (ဆင်ဟွာ)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၉,၃၁၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက်နေ့ ၂၁း၁၅နာရီ အချိန် ရှေ့တန်းအမှတ်(၁)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ ပိုက်ဆိပ်ကျေးရွာအနီးရှိ မကျီးချောင်း ချောင်းအတွင်းတွင် ဟူဆောင်း နာမွတ်၊ အဒူရာမွတ်၊ နိုဟုသနှင့် မာမွတ်အာယုပ်တို့လှော်ခတ်လာသည့် သစ်သားလှေအား စစ်ဆေးရှာဖွေရာ လှေပေါ်ရှိ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၆၅,၅၀၀ ပြားနှင့် လက်ကိုင်ဖုန်းနှစ်လုံး တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဟူဆောင်းနာမွတ်(၃၅)နှစ်၊ အဒူရာမွတ်(၂၂)နှစ်၊ နိုဟုသ(၂၅)နှစ်နှင့် မာမွတ် အာယုပ်(၁၈)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)