Politics, Law & Military
ရခိုင်အရေးနှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် ရိုးသားစစ်မှန်စွာ ပူးပေါင်းဆောင်ရွက်ရန် မြန်မာအစိုးရ ပြောကြား
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ)
၂၀၁၈ ခုနှစ်၊ မေလ ၅ ရက်မှ ၆ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တွင် ကျင်းပခဲ့သည့် (၄၅) ကြိမ်မြောက် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ထုတ်ပြန်ခဲ့သော ဒါကာကြေညာချက်အား မေ ၉ရက်နေ့တွင် မြန်မာအစိုးရက ပြန်လည်တုံ့ပြန်ကြေညာချက်ကို မေ ၉ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
ဒါကာကြေညာချက်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များအပေါ် စိုးရိမ်ပူပန်ကြောင်းဟုသာ ဖော်ပြကာ လက်ရှိ အကြမ်းဖက်မှုအခြေအနေများကို စတင်ခဲ့သော Arakan Rohingya Salvation Army (ARSA) အမည်ရှိ အကြမ်းဖက်အဖွဲ့၏ ရက်စက်စွာ အကြမ်းဖက်တိုက်ခိုက်မှုများကိုမူ ရှုတ်ချခြင်း အလျဉ်းမရှိကြောင်း မြန်မာအစိုးရက တုံ့ပြန် ကြေညာခဲ့သည်။
ရခိုင်ပြည်နယ်၏ ဖြစ်စဉ်များအား “လူမျိုးစု သုတ်သင်ရှင်းလင်းမှု”၊ “အစိုးရ အားပေးသည့် အကြမ်းဖက်မှု” ဟူသော အသုံးအနှုန်းများဖြင့် တာဝန်မဲ့စွာ ဖော်ပြခြင်းအပေါ်တွင်လည်း မြန်မာနိုင်ငံအနေဖြင့် ပြတ်သားစွာ ပယ်ချကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဒါကာကြေညာချက်တွင် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား အမြန်ပြန်လည်လက်ခံရေးလုပ်ငန်း စတင်ရန် အရေးတကြီး လိုအပ်နေမှုနှင့် ရခိုင်ပြည်နယ်တွင် သဟဇာတဖြစ်မှု မြှင့်တင်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်သည့် အကြံပြုမှုများ တစ်လုံးတစ်ပါဒမျှ ဖော်ပြထားခြင်း မရှိသည်မှာ အထူးစိတ်မကောင်းဖွယ်ရာ ဖြစ်ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီချက်နှင့် အညီ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် စတင်နိုင်ရေးအတွက် လိုအပ်သည့် လုပ်ငန်းအဆင့်ဆင့်ကို စစ်မှန်စွာ ပူးပေါင်းဆောင်ရွက်ပေးရန် ဘင်္ဂလားဒေ့ရှ်အား မြန်မာနိုင်ငံက တိုက်တွန်းကြောင်း ဖော်ပြထားသည်။
အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုမှန်သမျှကို ခွင့်လွှတ်မည်မဟုတ်ကြောင်း ကြိမ်ဖန်များစွာ ပြောကြားထားပြီး ခိုင်မာသော အထောက်အထားရှိသည့် စွပ်စွဲပြောကြားချက်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ မုတ်သုန်ကာလ နီးကပ်လာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အား ဆောလျင်စွာ စတင်နိုင်ရန် ဦးစားပေးဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား မိမိဆန္ဒအလျောက် ဘေးကင်းစွာနှင့် ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်လာနိုင်ရေးအတွက် ဆောင်ရွက်ပေးရန် အဆင်သင့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(Xinhua)