Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး အောင်မင်္ဂလာကားဝင်းအတွင်း ငွေကျပ် သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ယင်းအမှုမှ ဆက်စပ်သူ ၅ ဦးအားဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အား မူးယစ်ဆေးဝါးများနှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ--CCDAC Myanmar)

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာကားဝင်းအတွင်း ငွေကျပ် သိန်း ၉,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ပြီး ယင်းအမှုအား ကွင်းဆက်စုံစမ်းစစ်ဆေးရာမှ ဆက်စပ်သူ စုစုပေါင်း ၅ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးအလွဲသုံးစွဲမှု ထိန်းချုပ်ရေးဗဟိုကော်မတီ (CCDAC Myanmar) က ယနေ့ ဇန်နဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၄ ရက်၊ နံနက် ၁ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံ X-Ray စက် စစ်ဆေးရေးနေရာတွင် တောင်ကြီးမှ ရန်ကုန်သို့ စိုင်းမင်းအောင်လှိုင် မောင်းနှင်လာသည့် ခရီးသည်တင်မှန်လုံမော်တော်ယာဉ်ကို စစ်ဆေးရာ ယာဉ်ပေါ်တွင် လူမဲ့တန်ဆာဖြင့် တင်ဆောင်လာသော ဆာလာအိတ်များအတွင်း လက်ဖက်ခြောက်များနှင့်ရောနှော၍ စိတ်ကြွရူးသွပ်ဆေးပြားထုပ်များ သိုဝှက်သယ်ဆောင်လာကြောင်းတွေ့ရှိခဲ့သဖြင့် အဆိုပါမော်တော်ယာဉ်အား ရဲတပ်ဖွဲ့ဝင်များမှ လျှို့ဝှက် လိုက်ပါစောင့်ကြည့်၍ ရန်ကုန်မြို့၊ အောင်မင်္ဂလာကားဝင်းသို့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် ရောက်ရှိပြီး လူမဲ့တန်ဆာ ဆာလာအိတ်များကို လာရောက်ထုတ်ယူသူ သန်းဇော်ဦး အား AD VAN မော်တော်ယာဉ်တစ်စီးနှင့် အတူဖမ်းဆီးရမိခဲ့ပြီး ဆာလာအိတ်အတွင်းမှစိတ်ကြွရူးသွပ်ဆေးပြား ၅၁၀,၀၀၀ ပြားသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ လက်ခံမည့်သူ ရေခဲ(ခ)ကရင် အား မင်္ဂလာဒုံမြို့နယ်၊ (၃/ခ)ရပ်ကွက်၊ (၇)လမ်း၊ အမှတ်(၂၁)နေအိမ်တွင် ဖမ်းဆီးရမိ၍ ထပ်မံစစ်ဆေးပေါ်ပေါက်ချက်အရ ညနေပိုင်းတွင် ၎င်းထုတ်ယူရန်ကျန်ရှိနေသေးသည့် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ အခြားယာဉ်လိုင်းကားဂိတ်တွင် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၉၉၀,၀၀၀ ပြား ထပ်မံသိမ်းဆည်းရမိသဖြင့် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်းအား သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

စိတ်ကြွရူးသွပ်ဆေးပြားများအား လူမဲ့တန်ဆာ ပြုလုပ်၍ တောင်ကြီးမြို့ရှိ ကားဂိတ်များသို့ လာရောက်တင်ဆောင်ပေးသူ မနန်းမြစိန်(ခ)မခမ်းအား တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်၊ အရှေ့မြို့ပတ်လမ်းတွင် မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း၊ မူးယစ်ဆေးဝါးများ ပို့ဆောင်ခိုင်းသူ ခွန်ဌေးသန်း(ခ)ခွန်သူရ(ခ)ခွန်မောင်ပေ အား ညနေ ၅ နာရီအချိန်ခန့်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်တွင် မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း၊ စိတ်ကြွရူးသွပ်ဆေးပြားများပိုင်ရှင် အောင်ဇော်ထူး အား ည ၇ နာရီခွဲအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ဟိုတယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀ ပြား၊ မော်တော်ယာဉ် ၁ စီးဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် သန်းဇော်ဦး(၃၉)နှစ်၊ ရေခဲ(ခ)ကရင်(၄၈)နှစ်၊ မနန်းမြစိန်(ခ)မခမ်း(၃၂)နှစ်၊ ခွန်ဌေးသန်း(ခ)ခွန်သူရ(ခ)ခွန်မောင်ပေ(၂၃)နှစ်၊ အောင်ဇော်ထူး(၃၄)နှစ်တို့ (၅)ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ဆေးပြားများမှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှ သယ်ဆောင်၍ ရန်ကုန်မှတစ်ဆင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့ ထပ်ဆင့်ပို့ဆောင်ရောင်းချမည့် ပစ္စည်းများဖြစ်ကြောင်း CCDAC Myanmar ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.