Politics, Law & Military
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ငွေကျပ် ၂,၂၂၅.၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် ငွေကျပ် ၂,၂၂၅.၄ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၈ ရက်၊ မူးယစ်တပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့ပိုင်း)မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အင်းစိန်မြို့နယ် ဈေးကုန်း(အရှေ့)ရပ်ကွက်၊ သီရိလမ်း၊ ရုပ်ရှင်ရုံရှေ့လမ်းတွင် မခိုင်ဆန်းနှင့် ဒေါ်မြအေးယဉ်တို့အား စိတ်ကြွရူးသွပ် ဆေးပြားများနှင့်အတူတွေ့ရှိသဖြင့် အရေးယူထားရှိကြောင်း သိရသည်။
ကွင်းဆက်အရ ဇန်နဝါရီ ၁၉ ရက်၊ ၁၅း၃၀ နာရီ တွင် ၎င်းတို့ငှားရမ်း နေထိုင်သည့် အင်းစိန်မြို့နယ်၊ မုဒိတာအိမ်ရာ(၂)၊ အခန်း အမှတ်(၈၇၄)ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၄,၁၈၀ ပြားနှင့် ငွေ ၂၅၀,၀၀၀ကျပ် တို့ကိုသိမ်းဆည်းရမိခဲ့သဖြင့် ဒေါ်မြအေးယဉ်(၄၅)နှစ်နှင့် မခိုင်ဆန်း(၂၄)နှစ်တို့အား မူးယစ် ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)