Connect with us

Politics, Law & Military

ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲလွန်ကာလများကို လုံခြုံစွာ ဆောင်ရွက်ထားဟု ဆို

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပမှု မြင်ကွင်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/ အိမွန်ကျော်

ယနေ့ (နိုဝင်ဘာ ၈ ရက်) တွင်ကျင်းပသော ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲလွန်ကာလများကို လုံခြုံစွာဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့ အဆင်မြင့် အရာရှိတစ်ဦး က ပြောကြားခဲ့သည်။

” ကျွန်တော်တို့ လုံခြုံအောင်ဆောင်ရွက်ထားပေးတယ်၊ ရွေးကောက်ပွဲနေ့မှာရော ၊ ရွေးကောက်ပွဲပြီးရက်တွေမှာရော လုံခြုံရေးကို ပိုတိုးဆောင်ရွက်ထားပါတယ်၊ ကျွန်တော်တို့ဆီမှာ ဘာကောလာဟလမှ ထွက်တာမျိုးတွေဘာတွေမရှိပါဘူး၊ အေးအေးဆေးဆေးပါပဲ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစောမြင့်က ဆင်ဟွာသို့ ယနေ့(နိုဝင်ဘာ ၈ ရက်)ညပိုင်းတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးကလည်း ယနေ့ကျင်းပသော ၂၀၂၀ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကို ပြဿနာကြီးကြီးမားမား တစ်စုံ တစ်ရာ မရှိဘဲ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ရုံးချုပ်ကလည်း stand by စောင့်ကြည့်နေပါတယ်၊ လိုင်းတွေမှာ fb မှာ အသေးအဖွဲကလေးတွေ တွေ့နေရပေမယ့် အခုအချိန်ထိ ပြဿနာ ကြီးကြီးမားမား တက်လာတာ မတွေ့ရသေးပါဘူး၊ ခြုံငုံပြီးပြောရရင် ဒီကနေ့ ရွေးကောက်ပွဲက အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

COVID-19 ကပ်ရောဂါများဖြစ်ပွားနေချိန်အတွင်း ရွေးကောက်ပွဲကျင်းပခဲ့သည့်အတွက် အများပြည်သူ စိုးရိမ်မှုများရှိခဲ့သော်လည်း ဆန္ဒမဲပေးခွင့်ရှိသူတိုင်းနီးပါး မဲရုံများသို့ လာရောက်ပြီး ဆန္ဒမဲများပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်အတွင်းရှိ မဲရုံကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

” အရင်ရက်က ဗုံးလန့်တာတွေ၊ ပေါက်ကွဲတာတွေရှိသလို ကောလာဟလတွေရှိတော့ လူတွေ မဲရုံလာပါ့မလား ထင်ပေမယ့် မဲရုံကို မဲလာပေးတဲ့လူတွေများပါတယ်၊ တစ်တိုင်းပြည်လုံးအနေနဲ့ ရာခိုင်နှုန်းအရ ပြောဖို့ ခက်ပေမယ့် ကျွန်တော်မဲရုံမှာ မဲပေးခွင့်ရှိသူ အကုန် မဲလာပေးတယ် ” ဟု ၎င်းကဆိုသည်။

ယခုရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ဟူသော လွှတ်တော်သုံးရပ် နှင့် တိုင်းရင်းသား ရေးရာဝန်ကြီးနေရာအတွက် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ အပါအဝင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်း အသီးသီးအား ရွေးကောက်တင်မြှောက်နိုင်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒမဲပေးခွင့် ရှိသူ မဲဆန္ဒရှင် ၃၇ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂၆၀ ဦး အပါအဝင် နိုင်ငံရေးပါတီ ၈၇ ခု မှ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၆၃၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ က ကိုယ်စားလှယ်လောင်း ၁,၁၀၆ ဦး နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က ကိုယ်စားလှယ်လောင်း ၁,၀၈၉ ဦးဖြင့် ပါတီများအနက် ကိုယ်စားလှယ်ဦးရေ အရေအတွက်အများဆုံးဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

၂၀၂၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ၏ ရလဒ် များကို နိုဝင်ဘာ ၉ ရက်မှစ၍ မွန်းတည့် ၁၂ နာရီ ၊ ညနေ ၄ နာရီ နှင့် ည ၈:၀၀ နာရီ တို့တွင် တစ်ရက်လျှင် သုံးကြိမ် အသီးသီး ထုတ်ပြန်သွားမည် ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် အစောဆုံး ထုတ်ပြန်နိုင်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.