Connect with us

Politics, Law & Military

ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်း မရွှေ့ဆိုင်းခြင်းသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား

တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့၏ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ရှင်းလင်း ဖြေကြားနေစဉ် (ဓာတ်ပုံ-တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့)

နေပြည်တော်၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

လာမည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့်ရက် ရွေ့ဆိုင်းခြင်း မရွှေ့ဆိုင်းခြင်းမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့်သာ သက်ဆိုင်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ယနေ့ ညနေပိုင်း ပြုလုပ်သည့် အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာသို့ ဖြေကြားခဲ့သည်။

“ရွေးကောက်ပွဲရွှေ့ဆိုင်းတာ မရွှေ့ဆိုင်းတာကတော့ ကော်မရှင်ရဲ့ ကိစ္စပဲဖြစ်ပါတယ်၊ တပ်မတော် အနေနဲ့ကတော့ ကျွန်တော်တို့ ခနခန ပြောခဲ့တဲ့အတိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တပ်မတော်က လုံခြုံရေးဆိုင်ရာ အကြံပြုချက်ကိုပဲ ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ အကြံပေးမှာဖြစ်တယ်၊ ကျန်တာတွေနဲ့ ပတ်သက်လို့ကတော့ ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်၊ ဒါတွေအတွက် ကော်မရှင်က ဆောင်ရွက်ပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ ရွှေ့ဆိုင်းခြင်းဆိုင်ရာ ကိစ္စများနှင့် ပတ်သက်ပြီး အခြေခံဥပဒေ ပြဌာန်းချက်များရှိကြောင်း၊ အဆိုပါ  ပြဌာန်းချက်များအား မိမိတို့ တပ်မတော်ကလည်း ဖတ်ရှုမှတ်သားနေကြောင်း၊ ထိုပြဌာန်းချက်များအပေါ် အမြင်အမျိုးမျိုးရှိနိုင်ကြောင်း၊ တပ်မတော်သည် အဆိုပါ အမြင်အမျိုးမျိုးရှိခြင်းအပေါ် အကြီးအကဲများနှင့် ဆွေးနွေး တိုင်ပင်မှု လုံး၀မရှိသေးပါဟု ပြောကြားလိုကြောင်း၊ တပ်မတော်၏ အမြင်နှင့် ရပ်တည်ချက်ကို သိလိုပါက အခြေခံဥပဒေထဲ၌ ပါဝင်သည့် စာပိုဒ်များကိုသာ ဖတ်ပြရမှာ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲအား ရွှေ့ဆိုင်းသင့်မသင့်အပေါ် တပ်မတော်က အကြံပြုချက် မရှိပါကြောင်း၊ တပ်မတော်အနေဖြင့် လုံခြုံရေးနှင့် ပတ်သက်လာလျှင်မူ အကြံပြုမှာ ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကို တာဝန်ယူထားခြင်း ဖြစ်သောကြောင့် လုံခြုံရေးအတွက် အကြံပြုနိုင်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေးနှင့် ပတ်သက်သည့် အကြံပြုချက်ဆိုသည်မှာ လက်နက်ကိုင် ပဋိပက္ခများ ရှိခဲ့သည့် နယ်မြေများတွင် နောက်ဆုံး အခြေအနေများ၌  ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ မဲပေးနိုင်ခွင့် ရှိနိုင်သလား မရှိနိုင်သလား ဟူသည့် သုံးသပ်ချက်မျိုးကိုသာ ပေးဖို့ရှိပြီး ကျန်သုံးသပ်ချက်များအတွက် ပေးဖို့မရှိ ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောခဲ့သည်။   (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.