Connect with us

Politics, Law & Military

ရွေးကောက်ပွဲ အတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲပေးခြင်း စတင် ပြုလုပ်လျက်ရှိ


ရန်ကုန် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ပြည်ပရောက် မြန်မာနိုင်ငံသားများသည် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင် ဆန္ဒမဲ ပေးခြင်းများကို စင်ကာပူ ၊ တောင်ကိုရီးယား စသော ပြည်ပ နိုင်ငံများတွင် စတင် ပြုလုပ်လျှက် ရှိနေပြီး အဆိုပါ ဆန္ဒမဲများကို ယခု အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထား ပြန်လည် ပေးပို့ရန် သက်ဆိုင်ရာ နိုင်ငံများရှိ သံရုံး အသီးသီးသို့အကြောင်းကြား ထားကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ယနေ့ဆင်ဟွာသို့ပြောသည်။

၂၀၁၅ ခုနှစ် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင် ဆန္ဒမဲ ပေးနိုင်ရန် အာရှ ၊ ဥရောပ နိုင်ငံများရှိ သက်ဆိုင်ရာ သံရုံး ၄၄ ရုံးသို့မဲအရေအတွက် ၃၄,၀၀၀ ကျော်ကို ပေးပို့ထားကြောင်း သိရသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးရန် စင်ကာပူ နိုင်ငံရှိ မြန်မာသံရုံးရှေ့တွင် စောင့် ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများ (ဆင်ဟွာ)

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးရန် စင်ကာပူနိုင်ငံရှိ မြန်မာ သံရုံးရှေ့တွင် စောင့် ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများ (ဆင်ဟွာ)

“သက်ဆိုင်ရာ သံရုံး အလိုက် များရင် များသလို ရက် သတ်မှတ်ထားပါတယ်။စင်ကာပူကတော့ တအား များတယ်။ ပေကျင်းနဲ့နန်ကျင်း ဘက်ဆိုရင်လည်း သူတို့ဟာ သူတို့ချိန်ပြီး လုပ်ကြပါလိမ့်မယ်။ ကြိုတင်မဲ ပေးလို့ရတာတော့ ကျွန်တော်တို့က လက်မှတ်တွေ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ပေးလိုက်ပြီ။ နိုင်ငံခြားရေး ဝန်ကြီးဌာနက သံတမန် အိတ်တွေနဲ့သက်ဆိုင်ရာ နိုင်ငံတွေကို ဆက်ပို့လိုက်ပြီ။ ကျွန်တော်တို့က ၁၀ ရက်နေ့က စပို့လိုက်တာ။ အဝေးဆုံး သမားကလည်း ရောက်တဲ့အချိန် လုပ်မှာပဲလေ။ စင်ကာပူတို့က နီးတော့ သူတို့လည်း စတော့ စနေပြီ။ အချိန်ကတော့ မဲဆန္ဒရှင် အရေအတွက် အပေါ်မှာ မူတည်ပြီး လုပ်ကြပါတယ်။ အခုကတော့ စင်ကာပူက လူလဲများတယ်။ ၁ သောင်းကျော်လောက် ရှိတော့ မဲလက်မှတ် ရတာတွေ မရတာတွေ အသံတွေ ထွက်နေပြီး ဖုန်းတွေ လှမ်းဆက်တဲ့အတွက် မဲစာရင်းထဲမှာ ပါလား ၊ မပါလားဆိုတာကို ကျွန်တော်တို့က ဒီကနေ ပြန်ဖြေပေးနေတာပါ။ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ကြိုတင် မဲစာရင်းမှာ မပါတာတော့ အကြောင်းရင်းက သုံးရပ်လောက် ရှိပါတယ်။သူရဲ့ မြန်မာပြည်မှာ ရှိတဲ့ လိပ်စာက ရှာမတွေ့တဲ့ လိပ်စာ ဆိုရင် မဲစာရင်းက ရှာလို့မရဘဲ အဆင်မပြေဘူး။ သူတို့ဆီ ပြန်ပို့တော့လည်း လိပ်စာ မပါရင် နေရာ အခက်အခဲလေးတွေ ရှိတယ်”ဟု ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ဆင်ဟွာသို့ပြောသည်။

ထို့ပြင် ပြည်ပရောက် မြန်မာ နိုင်ငံသားများ၏ ကြိုတင် ဆန္ဒမဲများသည် သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံး များသို့ ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက် ညနေ ၄ နာရီ မထိုးမီ ရောက်ရှိရမည် ဖြစ်ပြီး ရောက်ရှိလာသည့် ကြိုတင် ဆန္ဒမဲ လက်မှတ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လေ့လာသူများ ရှေ့မှောက်တွင် ဖွင့်ဖောက် မှတ်တမ်းတင်ခြင်းများ ပြုလုပ်သွားမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.