Connect with us

Politics, Law & Military

NCA ၌ လက်မှတ် ရေးထိုးသော တိုင်းရင်းသား လက်နက်ကိုင်များ ထိုးစစ်များ အမှန် ရပ်တန့်ရေး စတင် လုပ်ကိုင်မည်


နေပြည်တော်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ)

ယနေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ် ရေးထိုးပြီးသော တိုင်းရင်းသား လက်နက်ကိုင်များသည် ယနေ့ ဖြစ်ပေါ်နေသော ထိုးစစ်များ အမှန် ရပ်တန့်ရေး အတွက် စတင် လုပ်ကိုင်မည် ဖြစ်ကြောင်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO) ဥက္ကဌ ဦးခွန်မြင့်ထွန်း က ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး လက်မှတ်ရေးထိုးပြီး အဓိက အဖြစ် ယနေ့ ဖြစ်ပေါ်နေသော ထိုးစစ်များ အမှန် ရပ်တန့်စေရန်နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးတွင် လက်မှတ် ရေးထိုးရန် ကျန်ရှိနေသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အမြန် လက်မှတ် ရေးထိုးနိုင်ရေးကို စတင် လုပ်ကိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

“တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်( NCA) ကို သဘောတူ လက်ခံသော်လည်း လတ်တလော ပါဝင် လက်မှတ် မရေးထိုးနိုင်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထပ်မံ ပါဝင်လာရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်ရာမှာလည်း တပ်မတော် အနေနဲ့ အင်အားသုံးတဲ့ နည်းထက် ညှိနှိုင်း အဖြေရှာတဲ့ နည်းလမ်းကို အသုံးပြုဖို့ အလေးထား တောင်းဆို တိုက်တွန်း လိုပါတယ်” ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ စောမူတူး စေးဖိုးက ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

တိုက်ပွဲများ လျှော့ချ ရပ်ဆိုင်းနိုင်ရန် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (JMC) ကို ဖွဲ့စည်းပြီး ထိန်းသိမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း၊ တိုက်ပွဲများ မရှိသည့်အခါ ဤဒေသများတွင် ရှိသည့် ပြည်သူ လူထုများသည် အေးအေး ချမ်းချမ်းနှင့် လုပ်ကိုင် စားသောက် နိုင်မည် ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ယနေ့ (NCA) လက်မှတ် ရေးထိုးပွဲ အဖွင့်မိန့်ခွန်း တွင် ထည့်သွင်း ပြောကြားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

“ပဋိပက္ခ အလွန် ဒေသတွေမှာ နိုင်ငံတကာ အထောက်အကူတွေ၊ လူထု အကျိုးပြုတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဝင်ရောက်လာစေဖို့ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” သမ္မတက ဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ကို ဖွဲ့စည်းပြီး အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဦးတည်ထားသည့် နိုင်ငံရေး ဆွေးနွေးပွဲများကို အကောင်အထည် ဖော်သွားမည် ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုပြီး တစ်ရက်အတွင်း လက်မှတ် ရေးထိုးပြီးကြောင်း အောက်ခြေ အဆင့်များကို အသိပေးရန်၊ ၅ ရက်အတွင်း စာချုပ်ပါ အချက်အလက်များကို အောက်ခြေ အဆင့်များကို ရှင်းလင်းရန်၊ ၁၄ ရက်အတွင်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည် ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး ကျင်းပရန်၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့် ကြီးကြပ်ရေး ကော်မတီ (JMC) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) ဖွဲ့စည်းရန်၊ ရက်ပေါင်း ၃၀ အတွင်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ စောင့်ကြည့်ရေး ကော်မတီ လုပ်ငန်း လမ်းညွှန်များ ပြုလုပ်ရန်၊ ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေး မူဘောင်များ ရေးဆွဲရန်၊ အားလုံး ပါဝင်ထိုက်သူများ ပါဝင်ရေး အချိုးအစားများ သတ်မှတ်ခြင်းနှင့် အချိန်သတ်မှတ်ရန်နှင့် ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေး ဆွေးနွေးပွဲများ စတင်ရန်တို့ ဆက်လက် လုပ်ဆောင်ရမည် ဖြစ်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ တွင် အစိုးရဘက်မှ ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်ကို ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး / ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU / KNLA-PC)၊ ရခိုင် လွတ်မြောက်ရေး ပါတီ (ALP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) (RCSS/ SSA-S) တို့ လက်မှတ် ရေးထိုးခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးပွဲ တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ များဘက်မှ ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို ပြည်တွင်း သက်သေ (၂၁) ဦး၊ နိုင်ငံတကာ သက်သေ (၆) ဦး တို့က သက်သေအဖြစ် လက်မှတ် ရေးထိုးခဲ့ပြီး နိုင်ငံ (၅၀) မှ သံတမန်များ ရှေ့မှောက်တွင် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ ခြင်းဖြစ်သည်။ (Xinhua)