Politics, Law & Military
လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေဟုဆို
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
တပ်မတော်အနေဖြင့် လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဗျူရို၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး သံအမတ်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်နှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ တွေ့ဆုံရာတွင် ဧည့်သည်တော် ဝန်ကြီးနှင့် အဖွဲ့ဝင်များက ကိုရီးယား ကျွန်းဆွယ် အရေး၊ အာရှပစိဖိတ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ကြွယ်၀ ချမ်းသာရေး၊ အမေရိကန် – မြန်မာ စစ်ဘက် ဆက်ဆံရေး ပိုမိုမြှင့်တင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကိုရီးယားကျွန်းဆွယ်အား နျူကလီးယား ကင်းမဲ့ဇုံ ဖြစ်စေလိုကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်လည်း လက်နက်ကိုင် ပဋိပက္ခများရှိနေ၍ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်နေကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ တပ်မတော်များနှင့်လည်း ချစ်ကြည် ရင်းနှီးလိုပါကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည် ဆွေးနွေးကြောင်း သိရသည်။(Xinhua)